ရှေ့သို့
Image

ဘရာဇီးလက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရရှိပြီးနောက် ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ပီဒရို

2:18 PM, 8 November

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူး ပီဒရိုဂွီလ်ဟာမီကတော့ ကမ္ဘာ့ဖလားကစားမယ့် ဘရာဇီးလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပြီးနောက် ချစ်သူ ဖာနန်ဒါနိုဂူရာကို ရုတ်တရက်လက်ထပ်ခွင့်တောင်းခဲ့တာကြောင့် နိုဂူရာတစ်ယောက် ပျော်စရာကိစ္စနှစ်ခု တစ်ပြိုင်တည်း ကြုံတွေ့လိုက်ရတာကြောင့် မျက်ရည်မထိန်းနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

၂၅ နှစ်အရွယ်တိုက်စစ်မှူးဟာ နည်းပြတီတီရဲ့ ၂၆ ယောက်လူစာရင်းကို စောင့်ကြည့်ပုံကို live လွှင့်ခဲ့ပြီး ချစ်သူဖာနန်ဒါရော မိသားစုဝင်တွေပါ အနားမှာ ရှိနေခဲ့ပါတယ်။ လူစာရင်းကြေညာမှုမှာသူ့ရဲ့နာမည်ပါလာပြီးနောက် ပီဒရိုက ချက်ချင်းဒူးထောက်ကာ စိန်လက်စွပ်လေးနဲ့ ချစ်သူကို romatic ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တာကြောင့် ဖာနန်ဒါတစ်ယောက် စိတ်လှုပ်ရှားစွာနဲ့ လက်ခံခဲ့တာကိုလည်း မြင်တွေရပါတယ်။ 

ဖလာမင်ဂိုအသင်းရဲ့ တရားဝင်အကောင့်မှာ တင်ခဲ့တဲ့ ၈၂ စက္ကန့်စာ ဗီဒီယိုကို တင်ခဲ့ပြီး “ နိုင်ငံအသင်းမှာပါတယ်၊ လက်ထပ်ခွင့်လည်း တောင်းလိုက်တယ်။ ပီဒရိုရေ မိုက်တယ်ကွာ။ နိုင်ငံအသင်းမှာ နာမည်ပါလာတာနဲ့ ချက်ချင်းကို သူ့ကောင်မလေး ဖာနန်ဒါနိုဂူရာကို တန်းပြီးလက်ထပ်ခွင့်တောင်းတာနော်။ အရမ်းလှတဲ့ မြင်ကွင်းပါပဲ ” ဆိုပြီး ရေးထားခဲ့ပါတယ်။ ပရိသတ်တစ်ယောက်က “ ဒီဘဲကရိုးရိုးလေးနဲ့ အကောင်းဆုံး ကစားသမားပဲ၊ ဂုဏ်ယူပါတယ် ပီဒရို ” ဆိုပြီး ရေးခဲ့ပြီး နောက်တစ်ယောက်ကတော့ “ နိုင်ငံအသင်းမှာသာ မပါခဲ့ရင် သူဘာလုပ်နိုင်လဲ ” ဆိုပြီး ပြောခဲ့ပါတယ်။ 

ပီဒရိုဟာ ဖလာမင်ဂိုအသင်းမှာ အထူးခြေစွမ်းပြ ကစားနေသူဖြစ်ပြီး အီတလီကနေ ဘရာဇီးကိုပြန်လာခဲ့ပြီးနောက် ၂၀၂၂ အတွင်း၂၉ ဂိုးထိ သွင်းယူထားသူဖြစ်ပါတယ်။ ဖီအိုရင်တီးနားကို ပြောင်းရွှေ့မှုက ထင်ထားသလိုမဖြစ်ခဲ့ပေမယ့် ဘရာဇီးနည်းပြ တီတီ စိတ်တိုင်းကျစေနိုင်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပြီး ဒီနှစ်အစောပိုင်းကတင် ဘရာဇီးအသင်းမှာ ဒုတိယအကြိမ်အဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့ပါသေးတယ်။ ကာတာကို နေမာ၊ ဂါဘရီရယ်ဂျီးဆပ်၊ ဗီနီစီးရပ်စ်ဂျူနီယာ၊ အန်တိုနီတို့နဲ့အတူ တိုက်စစ်ပိုင်းအတွင် ရွေးချယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

#ဖလာမင်ဂို #၂၀၂၂ကမ္ဘာ့ဖလား ပီဒရို