ရှေ့သို့
Image

ခြေချင်းဝတ်ဒဏ်ရာကြောင့် တိုက်စစ်မှူးတီမိုဝါနာ ကမ္ဘာ့ဖလားလွဲချော်ပြီလို့ တရားဝင်ကြေညာခဲ့တဲ့ လိုက်ပ်ဇစ်

1:42 PM, 4 November

ရှက်တာဒိုးနက်ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူးတီမိုဝါနာဟာ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လွဲချော်ပြီလို့ လိုက်ပ်ဇစ်အသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ ရှက်တာဒိုးနက်ကို လေးဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ဝါနာက ပွဲချိန်အစောပိုင်းမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲလှယ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ လိုက်ပ်ဇစ်က သူတို့ရဲ့တိုက်စစ်မှူးဟာ ကာတာနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့အခမ်းအနားဆုံးဘောလုံးပြိုင်ပွဲကြီးကို လွဲချော်မှာဖြစ်တယ်လို့ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ “တီမိုဝါနာက ရှက်တာဒိုးနက်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း ခြေချင်းဝတ်ဒဏ်ရာတစ်ခု ခံစားခဲ့ရပါတယ်။ ဒီနေ့မှာတော့ တီမိုဝါနာရဲ့ဒဏ်ရာအခြေအနေကို ဓါတ်မှန်ရိုက်စစ်ဆေးခဲ့ပါတယ်။ ဒီစစ်ဆေးချက်အဖြေအရ ကံမကောင်းစွာနဲ့ဘဲ သူ့ရဲ့ဘယ်ခြေချင်းဝတ်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာကြောင့် ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ အနားယူသွားရမှာ ဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းအတွက် ၅၅ ပွဲကစား၊ ၂၄ ဂိုးအထိသွင်းယူပေးထားတဲ့ တီမိုဝါနာက နည်းပြဟန်ဆီဖလစ်ခ်ရဲ့ စိတ်ကြိုက်တိုက်စစ်မှူးတစ်ဦးလို့ ဆိုနိုင်ပြီး ချဲလ်ဆီးတိုက်စစ်မှူးဟောင်းက သူ့ရဲ့အသင်းအတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဖလစ်ခ်က ထုတ်ပြောလာပါတယ်။

“ အရမ်းကို စိတ်ထိခိုက်ရတဲ့သတင်းပါ။ တီမိုဝါနာကိုယ်တိုင် ကစားဖို့ဆုံးဖြတ်ထားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုကို လွဲချော်တော့မှာဖြစ်လို့ သူ့အတွက် ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါတွေအပြင် သူမပါဝင်လာနိုင်ခြင်းကလည်း ဂျာမနီအသင်းအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါတယ်။ သူအမြန်ဆုံးပြန်ကောင်းလာပါစေလို့ ကျွန်တော်တို့အားလုံး ဆုတောင်းပေးနေပါတယ်”လို့ ဖလစ်ခ်က ပြောပါတယ်။

တီမိုဝါနာဒဏ်ရာရရှိခဲ့ပေမယ့် ဖလစ်ခ်က ကာတာနိုင်ငံဆီထွက်ခွာမယ့် သူ့ရဲ့အသင်းအတွက် ရွေးချယ်စရာ ကိုင်ဟားဗက်ဇ်၊ မူလာ၊ ဂါနာဘရီနဲ့ လီရွိင်းဆာနေးတို့လို တိုက်စစ်အင်အားစုကြီးတစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။ လတ်တလောမှာ ဆာနေးက ပေါင်ခြံဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပေမယ့် ဂျာမနီလက်ရွေးစင်အသင်းရဲ့တိုက်စစ်ပိုင်းတစ်နေရာအတွက် ယှဉ်ပြိုင်နိုင်စွမ်းအပြည့် ရှိပါတယ်။

ဂျာမနီလက်ရွေးစင်ဘောလုံးအသင်းက နိုဝင်ဘာ ၁၆ ရက်မှာ အိုမန်အသင်းနဲ့ ခြေစွမ်းပွဲကစားပြီးနောက် နိုဝင်ဘာ ၂၃ ရက်မှာ ဂျပန်အသင်းနဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။

#တီမို၀ါနာ #လိုက်ပ်ဇစ် #၂၀၂၂ကမ္ဘာ့ဖလား