မိုဒရစ် နေရာမှာ ဘရိုက်တန်စတားနဲ့ အစားထိုးဖို့ စီစဉ်နေတဲ့ ရီးရဲလ်မက်ဒရစ်
11:30 AM, 4 November
စပိန်ကလပ် ရီးရဲလ်အသင်းဟာ မိုဒရစ်နေရာမှာ ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆီဒိုနဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်သားဟာ ဒီရာသီ ဘရိုက်တန် အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပါတယ်။
ဘရိုက်တန်အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် ပုံမှန်ကစားခွင့်ရနေသလို အဆိုပါစွမ်းဆောင်ရည်ကြောင့် ပရီးမီးယားလိဂ်အသင်းကြီးတွေ အပြင် ရီးရဲလ်အသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။ သတင်းတွေအရ ရီးရဲလ်အသင်းဟာ ကွင်းလယ်လူ မိုဒရစ်နေရာ အတွက် ကာလရှည်အစားထိုးချင်နေတယ်လို့ သိရပါတယ်။
အသက် ၃၇ နှစ်သားဟာ ထိပ်တန်းကစားသမားအဖြစ်ရှိနေဆဲဖြစ်ပေမယ့် ကစားသမားဘဝနေဝင်ချိန်ကို ရောက်နေတာဖြစ်ပြီး ရီးရဲလ်က ကွင်းလယ်မှာ မျိုးဆက်သစ်တွေနဲ့တည်ဆောက်ချင်နေပါတယ်။ ကာမာဗင်ဂါ၊ တာချူမီနီတို့ကို ခေါ်ယူထားပြီးဖြစ်ပေမယ့် ရီးရဲလ်က ကွင်းလယ်ပိုင်းကို ထပ်မံခေါ်ယူချင်နေဆဲဖြစ်ပါတယ်။
ကိုင်ဆီဒိုဟာ ရီးရဲလ်အသင်းပစ်မှတ်ဖြစ်လာနေပြီး အီကွေဒေါသားရဲ့ဘောလုံးပေးပို့မှု ၊ နည်းစနစ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေကြောင့် ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘရိုကတန်က သူတို့စတားအတွက် ပေါင် ၆၈ သန်းလောက်ရမှ ရောင်းချဖွယ်ရှိနေပါတယ်။ အခြားပစ်မှတ်တွေထဲမှာ အင်္ဂလန်စတား ဘယ်လင်ဟမ် ၊ နယူးကာဆယ်စတား ဂူမာရေးစ်တို့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပပါတယ်။
ပေါ်တာရဲ့ချဲလ်ဆီးအသင်းကလည်း ဘရိုက်တန်စတားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။