ရှေ့သို့
Image

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အရေးနိမ့်ခဲ့ရတဲ့ ဒေါသကို ခွန်အားအဖြစ် ပြန်လည်အသုံးချဖို့ ဆန္ဒရှိနေတဲ့ အယ်လီဂရီ

2:37 PM, 3 November

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ဂျူဗင်တပ်စ် အသင်းက ဗုဒ္ဓဟူးညမှာ ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီ အသင်းကို လက်ခံကစားခဲ့ရတဲ့ ပွဲစဉ်၌ ၁ဂိုး - ၂ဂိုး ဖြင့်အရေးနိမ့်ခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အမျက် ဒေါသတွေကို ဂျူဗင်တပ်စ်အသင်း ကစားသွားရမယ့် လက်ကျန်ပွဲစဉ်တွေမှာ ခွန်အားအဖြစ် ပြန်လည်အသုံးချသွားဖို့ ဆန္ဒရှိတဲ့အကြောင်း ရင်ဖွင့်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းက ၂၀၀၄ - ၂၀၀၅ ဘောလုံးရာသီက ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၆ပွဲမှာ ၅ပွဲ အရေးနိမ့်ခဲ့တဲ့ ရိုးမား အသင်းပြီးနောက် ဒုတိယမြောက် အုပ်စုပွဲစဉ် ၅ပွဲကို အရေးနိမ့်ခဲ့တဲ့ အီတလီကလပ်အသင်း အဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို လီယွန်နယ်မက်စီရဲ့ ဖန်တီးမှုကနေ မက်ပီက သွင်းယူခဲ့ပြီးနောက် ဂျူဗင်တပ်စ် အသင်းရဲ့ ဝါရင့်နောက်တန်းကစားသမား ဘိုနုချီက ဂိုးသမားပုတ်ထုတ်ရာမှ လျှံထွက်လာတဲ့ ဘောလုံးကို အသာအယာပိတ်သွင်းယူကာ ချေပဂိုး သွင်းယူလိုက်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်း ပွဲကစားချိန် အရောက်မှာတော့ ပီအက်စ်ဂျီ အသင်းရဲ့ ပေါ်တူဂီစတား နူနိုမန်ဒက်စ်က အဝေးကန်ချက်ဖြင့်ဦးဆောင်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ ပီအက်စ်ဂျီအသင်းက ၁ဂိုး - ၂ဂိုး ဖြင့် အနိုင် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အပြီး ဂျူဗင်တပ်စ်အသင်းရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ရလဒ်ဆိုးတွေ ပိုင်ဆိုင်ခဲ့တဲ့အပေါ် အမျက်ထွက်နေတဲ့ ဒေါသတွေကို ခွန်အားအဖြစ် ပြောင်းလဲအသုံးချချင်တဲ့ အကြောင်းကို“ကျွန်တော်တို့ ဒီပွဲကို အကောင်းဆုံး ကစားနိုင်ခဲ့ပေမဲ့ ရလဒ်ကတော့ ရှက်စရာဖြစ်နေပါတယ်” “အခုတော့ ယူရိုပါလိဂ်ပြိုင်ပွဲကိုသာ ဝင်ရောက်ကစားရတော့မှာ ဖြစ်ပြီး ကျွန်တော်တို့အသင်းရဲ့ အမျက်ဒေါသကို ချက်ချင်းဆိုသလိုပဲ ခွန်အားအဖြစ်အသုံးချပြီး အလုပ်ကြိုးစားသွားကြမှာပါ” “တစ်ဖက်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် အမျက်ထွက်ရပေမဲ့ တစ်ဖက်မှာတော့ ယူရိုပါလိဂ်ဝင်ရောက် ကစားရဦးမှာဖြစ်လို့ ကျေနပ်မိပါတယ်”လို့ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ဂျူဗင်တပ်စ် #ပီအက်စ်ဂျီ #ချန်ပီယံလိဂ် #အယ်လီဂရီ