ဒီဂျောင်အစား ဘယ်လင်ဂမ်ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်လိုက်တဲ့ ယူနိုက်တက်
10:29 AM, 3 November
မန်ချက်စတာယူနိုက်ကတ်နည်းပြ အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ကွင်းလယ်ပစ်မှတ်စာရင်းထဲမှာ ထိပ်တန်း ပစ်မှတ်အဖြစ် သတ်မှတ်လာတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလ တစ်ခုလုံးဒီဂျောင်ကိုသာ ထိပ်တန်းပစ်မှတ်တစ်ခုအဖြစ်နဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် နယ်သာလန်သားကို ဘာစီလိုနာကနေ ထွက်ခွာအောင် စည်းရုံးနိုင်ခဲ့ခြင်း မရှိပါဘူး။
ယူနိုက်တက်ဟာ ဒီဂျောင်အစား ရီးရဲလ်မက်ဒရစ်က ကတ်စ်မဲရိုးကို ပေါင်သန်း ၇၀ အသုံးပြုကာ ခေါ်ယူခဲ့ပြီး ဘရာဇီးလက်ရွေးစင်ကလည်း အိုးလ်ထရက်ဖို့ဒ်ကို စတင်ရောက်ရှိကတည်းက အကောင်းဆုံး ခြေစွမ်းပြ ကစားလျက်ရှိပါတယ်။ ဒါပေမယ့် နည်းပြတန်ဟတ်ကတော့ လာမယ့် ရာသီကုန်မှာ သူ့ရဲ့ကွင်းလယ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းဖို့ စီစဉ်လျက်ရှိပါတယ်။
Daily Mirroe ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဘယ်လင်ဂမ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်လာခဲ့ပြီး နည်းပြတန်ဟတ်ကလည်း ၁၉ နှစ်အရွယ် ကစားသမားလေးကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် ဦးစားပေးကြိုးစားလာဖို့ ရှိနေတယ်လို့ သိရပါတယ်။ သတင်းအရတော့ နည်းပြ တန်ဟတ်နဲ့ အားကစားဒါရိုက်တာ ဂျွန်မားတော့ဂျ်တို့ဟာ အသင်းကိုပြုပြင်ပြောင်းလဲဖို့အတွက် နောက်ထပ်ဘဏ္ဍာရေး အင်အားအပြည့်နဲ့ ကစားသမားသစ်တွေထပ်မံခေါ်ယူသွားမယ်လို့ ကတိပေးထားပြီး ဒီထဲမှာ ဘယ်လင်ဂမ်ကလည်း အဓိက စီမံကိန်းတစ်ခုအဖြစ်နဲ့ ပါဝင်လာဖို့ရှိနေပါတယ်။
ဒီတစ်ပတ်အစောပိုင်းကတင် Bild သတင်းဌာနကနေ ဒေါ့မွန်ဟာ လာမယ့်နွေရာသီမှာ ဘယ်လင်ဂမ်ရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၅၀ (ပေါင် ၁၂၈.၉ သန်း) ထိ သတ်မှတ်ထားတယ်လို့ဖော်ပြခဲ့ပြီး ဒေါ့မွန်က ရာသီကုန်မှာ သူတို့ရဲ့ကြယ်ပွင့် ကွင်းလယ်လူကို ဆုံးရှုံးရနိုင်တယ်ဆိုတာကို တွေးထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။ မန်ချက်စတာစီးတီး၊ ချဲလ်ဆီး၊ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း ဘယ်လင်ဂမ်ကို စိတ်ဝင်စားလျက်ရှိကြပါတယ်။ တစ်ဖက်မှာ ဒီဂျောင်ကတော့ ဘာစီလိုနာရဲ့ ဘဏ္ဍာရေးပြဿနာတွေကြောင့် အသင်းကနေ ထွက်ခွာဖို့ ဖိအားပေးခံနေရပါတယ်။ ပြီးခဲ့တဲ့လတုန်းက နယ်သာလန် လက်ရွေးစင်က ဘာစီလိုနာဥက္ကဌဂျို အန်လာပေါ်တာကပါ သူ့ကိုနူးကမ့်ကနေ ထွက်သွားအောင် ဖိအားပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီဂျောင်က “ကျွန်တော်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ၊ ဒီမှာဆက်နေဖို့ မေလကတည်းက ဆုံးဖြတ်ခဲ့တာပါ။ အဲ့ဒီကာလတစ်လျှောက်လုံး ကျွန်တော့်အမြင်က မပြောင်းလဲပါဘူးး။ အေးအေးဆေးဆေးပါပဲ။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဖိအားတွေ စလာပါတယ်။ ဟုတ်ပါတယ်။ သတင်းစာတွေကရော၊ ဥက္ကဌဆီကရော ဖိအားတွေပေါ့၊ အတိအကျပါပဲ။ အမှန်တော့ ဖိအားတွေက နေရာစုံက ဝင်လာတာပါ။ ဒါပေမယ့် ဒီမှာပဲဆက်နေမှာဖြစ်လို့ ဘာမှ ခေါင်းစားနေမှာ မဟုတ်ပါဘူး”လို့ Ziggo Sport ကိုပြောခဲ့ပါတယ်။