မန်စီးတီးကြယ်ပွင့် အယ်ဗာရက်ဇ်ကို ယူနိုက်တက်က အရင်ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ကြောင်း ရိုမာနို အတည်ပြု
3:48 PM, 1 November
မန်ချက်စတာယူနိုက်တက်ဟာ အာဂျင်တီးနားလူငယ်ကြယ်ပွင့် ဂျူလီယန်အယ်ဗာရက်ဇ်ကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ယူနိုက်တက် ယာယီနည်းပြဟောင်း ရာ့ဖ်ရန်နစ်ဟာ ၂၂ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ အရမ်းကို စိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။
ဖာဘရီဇီယိုက “ရာ့ဖ်ရန်နစ်အကြံပေးတဲ့ထဲက ယူနိုက်တက်တကယ်ခေါ်ဖို့ ကြိုးစားခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားက ဂျူလီယန်အယ်ဗာရက်ဇ်ပါ။ ရန်နစ်ကသူ့ကို တော်တော်လေးလိုချင်ခဲ့တာပါ ဒါပေမယ့် နောက်ဆုံးမှာ ယူနိုက်တက်က မခေါ်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်”ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တကယ်တမ်းကျတော့ အယ်ဗာရက်ဇ်ဟာ မန်ချက်စတာစီးတီးကိုသာ ရောက်သွားခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
ပွဲထွက်ကစားသမားအနေနဲ့ သိပ်အများကြီးမကစားရသေးသော်လည်း အယ်ဗာရကဇ်က ကွင်းထဲဝင်ကစားခွင့်ရတိုင်း သူ့ရဲ့အရည်အချင်းကို ပြသနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ အနာဂတ်မှာ စူပါစတားဖြစ်လာဖို့ အရည်အသွေးတွေ အားလုံးလည်း ရှိနေခဲ့ပါတယ်။ နည်းပြပက်ဂွာဒီယိုလာ လက်အောက်မှာ အယ်ဗာရက်ဇ်က ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာအကောင်းဆုံး အထောင်တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်လာဖို့ရှိနေပါတယ်။
ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ တိုက်စစ်ပိုင်းက ဂိုးတွေရရှိဖို့ ရုန်းကန်နေရပါတယ်။ အန်တိုနီမာရှယ်က ဒဏ်ရာကြောင့် ပွဲမကစားနိုင်သလို ခရစ္စတီယာနိုရော်နယ်ဒိုကလည်း အသက်အရွယ်အရ ကစားအားကျလာတာကြောင့် တိုက်စစ်ပြဿနာက ယူနိုက်တက်အတွက် ဒီရာသီမှာ အဆိုးဆုံးဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အယ်ဗာရက်ဇ်လို နည်းစနစ်ပိုင်းကြွယ်ဝတဲ့ တိုက်စစ်မှူးမျိုးကို ခေါ်ယူဖွယ်ရှိပါတယ်။
အယ်ဗာရက်ဇ်ဟာ ဘောလုံးကို တစ်ပါတည်း ဆွဲပြေးနိုင်သူဖြစ်သလို ပြိုင်ဘက်ခံစစ်မှူးတွေကိုလည်း လိမ်ခေါက်ကျော်ဖြတ်နိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာတော့ ယူနိုက်တက်က ဘယ်လိုကစားသမားတွေ ခေါ်ယူသွားမလဲ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။