ရှေ့သို့
Image

ပွဲထွက်ကစားခွင့်နည်းပါးရင် ဖာတီကို ဆုံးရှုံးရနိုင်တယ်လို့ ဘာစီလိုနာကို ဂျော့ချ်မန်ဒက်စ် သတိပေး

10:36 AM, 28 October

ပွဲထွက်ကစားရမှု သိသိသာသာလျော့မယ်ဆိုပါက ဖာတီအနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာမှာဖြစ်ပါတယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူက သတိပေးပြောကြားလိုက်ပါတယ်။ လက်ရှိရာသီမှာ ဖာတီဟာ ဘာစီလိုနာအသင်းရဲ့ လာလီဂါ ၁၁ ပွဲစလုံးမှာ ပါဝင်ကစားထားရသော်လည်း အဆိုပါပွဲစဉ်များထဲက ၂ ပွဲမှာသာ ပွဲထွက်ကစားထားရကာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဗီလာရီးရဲလ်နှင့် ကစားခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူထားပါတယ်။

ပထမအသင်းမှာ ပွဲထွက်ခွင့်နည်းပါးနေမယ်ဆိုတာပါက နူးကမ့်ကနေ ထွက်ခွာဖို့အတွက် စပိန်နိုင်ငံသားက စဉ်းစားသွားမှာဖြစ်ပါတယ်လို့ မန်ဒက်စ်က ပြောကြားထားပါတယ်။ ဖာတီရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၁ ဘီလီယံ (ပေါင် ၈၆၈သန်း) ဖြစ်နေတာကြောင့် ဘာစီလိုနာကတော့ အဆိုပါအခြေအနေကို စိုးရိမ်ခြင်းမရှိပါဘူးလို့ စပိန်သတင်းစာဖြစ်တဲ့ Sport က ဖော်ပြထားပါတယ်။

လက်ရှိရာသီပြိုင်ပွဲစုံ ၁၆ ပွဲကစားထားရာတွင် ဖာတီဟာ ၃ ဂိုးသွင်းယူပြီး ၃ ဂိုးဖန်တီးပေးထားကာ ၂၀၂၁-၂၂ ရာသီက သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ရဲ့ တစ်ဝက်ခန့်ကို သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်တွင် ပထမဆုံး ပွဲဦးထွက်ခဲ့ကတည်းက တိုက်စစ်ကစားသမားဟာ စပိန်လက်ရွေးစင်အသင်း အတွက် ၄ ပွဲ ကစားပေးထားပြီး ကမ္ဘာပေါ်မှာ အရည်အချင်းအရှိဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။

ယခုလအစောပိုင်းက ရီးရဲလ်မက်ဒရစ်ကို စိတ်ပျက်ဖွယ်ရှုံးနိမ့်ထားခြင်းကနေ ဘာစီလိုနာက ရုန်းထမယ်လို့ ထင်နေရတာဖြစ်ပြီး ဇာဗီရဲ့အသင်းဟာ ကြာသပတေးနေ့က နောက်ဆုံး ကစားထားတဲ့ပွဲမှာ ဗီလာရီးရဲလ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိထားတာဖြစ်ပါတယ်။ သို့သော်လည်း စပိန်အသင်းကြီးဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိ့မ်ခဲ့ပြီးနောက် ပြိုင်ပွဲကို နှုတ်ဆက်ထွက်ခွာခဲ့ရပြီဖြစ်ပြီး ယူရိုပါလိဂ်သို့ ဆင်းကန်ရတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ဖေဖော်ဝါရီလမှစတင်ကာ ချန်ပီယံလိဂ်ပွဲစဉ်များမရှိတာကြောင့် ဖာတီရဲ့ပွဲထွက်ခွင့် အခွင့်အရေးကလည်း ပိုပြီးဆိုးရွားလာမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဖာတီ #မန်ဒက်စ်