ရှေ့သို့
Image

အယ်လီဂရီ နေရာမှာ ဇီဒန်း အစားဝင်စရာအကြောင်းမရှိဘူး အွန်နရီ အခိုင်အမာဆို

9:00 AM, 28 October

အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက ဇီဒန်းတစ်ယောက် ဂျူဗင်တပ်စ်အသင်းထက် ပြင်သစ် အသင်းနည်းပြ ဖြစ်လာဖို့ကိုသာ စောင့်ဆိုင်းနေတယ်လို့ ယုံကြည်နေပါတယ်။ ဂျူဗင်တပ်စ် အသင်းဟာ အင်္ဂါနေ့တုန်းက ၉ နှစ်အတွင်း ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ပထမဆုံးအကြိမ် ထွက်ခွာခဲ့ရကာ အယ်လီဂရီတစ်ယောက် ဖိအားတွေ များလာခဲ့ပါတယ်။

အီတလီသားနည်းပြဟာ စီးရီးအေမှာလည်း အသင်းကိုရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်ခဲ့ပဲ အဆင့် ၈ နေရာမှာသာ အသင်းက ရပ်တည်နေပါတယ်။ အချို့သတင်းတွေကတော့ လူတစ်ချို့ဟာ အယ်လီဂရီနေရာမှာ ဇီဒန်းနဲ့ အစားထိုးဖို့ အလိုရှိနေကြတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်ချန်ပီယံလိအုပ်စုအဆင့်ကနေ ထွက်ခွာအပြီးမှာ အွန်နရီက “ဇီဒန်းက ချန်ပီယံလိဂ်ရထားတဲ့သူပါ။ သူဂျူဗင်တပ်စ်လိုအသင်းမျိုးမှာ သက်သေပြချင်မှာသေချာပါတယ်။ သူလိုချင်တဲ့ အရာကိုပဲ စောင့်နေတာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ သူဂျူဗီကိုမသွားပဲ ပြင်သစ်အသင်းကို စောင့်နေတယ်လို့ ထင်ပါတယ်။ အဲ့တာက သူစောင့်နေတဲ့ တစ်ခုတည်းသော အရာပါ။ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ် ၃ ကြိမ်ရယူထားပြီးပါပြီ။ သူ ကလပ်အသင်းတွေကို ကိုင်တွယ်ရတာ ငြီးငွေ့နေမှာပါ။ နိုင်ငံအသင်းကို ကိုင်တွယ်ချင်နေပုံပါပဲ။ အသင်းတော်တော်များများက ချိတ်ဆက်နေပေမယ့် ဖြစ်လာမယ်လို့ မထင်ပါဘူး”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။

ဇီဒန်းဟာ ၂၀၂၁ တုန်းက ရီးရဲလ်အသင်းကနေ ထွက်ခွာပြီးနောက် အနားယူနေတာဖြစ်ပြီး အခုနည်းပြလောကကို ပြန်ဝင်ဖို့ ပြင်ဆင်နေပါတယ်။ မကြာသေးခင်တုန်းကလည်း သတင်းထောက်တွေနဲ့အင်တာဗျူးမှာ ပြန်လာတော့မယ်ဆိုတာကို အသိပေးခဲ့ပါတယ်။

ဇီဒန်းကို ပီအက်စ်ဂျီအသင်းကလည်း ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပြီး အခုပြန်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် အသင်းတွေက  မျက်စိကျလာနိုင်ပါတယ်။

#အာဆင်နယ် #ဂျူဗင်တပ်စ် #ဇီဒန်း #အယ်လီဂရီ #အွန်နရီ #ပရီးမီးယားလိဂ်