ရှေ့သို့
Image

ဒီဂီယာရဲ့နေရာမှာ ရေရှည်အစားထိုးဖို့ ဂိုးသမားနှစ်ဦးကို ကင်းထောက်နေတဲ့ ယူနိုက်တက်

4:32 PM, 27 October

ပေါ်တိုကြယ်ပွင့်ဂိုးသမား ဒီယိုဂိုကော်စတာနဲ့ ဘီလ်ဘာအိုဂိုးသမား အူနိုင်းဆိုင်မွန်တို့ဟာ မန်ချက်စတာယူနိုက်တက်အသင်း စောင့်ကြည့်နေတဲ့ ဂိုးသမားတွေဖြစ်တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ ဒီရာသီမှာလည်း အိုးလ်ထရက်ဖို့ဒ်ရဲ့ နံပါတ် ၁ ဂိုးသမားနေရာကို ရယူထားပေမယ့် သူ့ရဲ့စာချုပ်အရ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ယူနိုက်တက်က တစ်နှစ်သက်တမ်းတိုးခွင့်အချက်ကို ပိုင်ဆိုင်ထားပေမယ့်လည်း ဒီလအစောပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ နည်းပြအဲရစ်တန်ဟတ်ပြောပုံအရတော့ စပိန်သားရဲ့အနာဂတ်ကို အလျင်စလိုဆုံးဖြတ်မှာ မဟုတ်ဘူးလို့သိရပါတယ်။ လက်ရှိနည်းပြအဲရစ်တန်ဟတ်ရ့ ကစားကွက်အရတော့ ဒီဂီယာဟာ ရေရှည်အတွက် အံဝင်နိုင်မယ့် ကစားသမားမဟုတ်ဘူးလို့ ယူဆရပါတယ်။ ဒါပေမယ့် စပိန်သားဟာ ယူနိုက်တက်ရဲ့ လစာအများဆုံး ကစားသမားတစ်ယောက်ဖြစ်ပြီး တစ်နှစ်ကို ပေါင်သန်း ၂၀ နီးပါးပေးနေရပါတယ်။

The Athletic သတင်းအရ ယူနိုက်တက်ဟာ ဒီဂီယာကို ရပိုင်ခွင့်တွေ လျှော့ချပြီး စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆန္ဒရှိနေပါတယ်။ ရေရှည်ပစ်မှတ်အတွက်ကိုလည်း ယူနိုက်တက်ရဲ့ ဂိုးသမားကင်းထောက် တိုနီကွန်တန်ကိုယ်တိုင် လအတန်ကြာအောင် ဥရောပတစ်ခွင်သွားလာပြီး ကင်းထောက်ခဲ့ပါတယ်။ ယူနိုက်တက်မှာ ဆယ်စုနှစ်တစ်ခုစာ စိတ်ချလက်ချသုံးလို့ရမယ့် ဂိုးသမားတွေအဖြစ် ယူနိုက်တက်ရဲ့ စာရင်းထဲမှာ ရှိနေတာကတော့ ကော်စတာနဲ့ ဆိုင်မွန်တို့ပဲ ဖြစ်ပါတယ်။

ကော်စတာကတော့ ပေါ်တူဂီလက်ရွေးစင်တစ်ယောက်ဖြစ်ပြီး ဒီရာသီပေါ်တိုရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ရှုံးထွက်အဆင့်ကို တက်နိုင်ဖို့အတွက် ချန်ပီယံလိဂ်မှာလည်း ပင်နယ်တီနှစ်လုံးကာကွယ်သွားခဲ့ပါတယ်။ ပိုပြီးအရေးကြီးတာတစ်ခုကတော့ ၂၃ နှစ်အရွယ် ဂိုးသမားဟာ လက်နဲ့ ဂိုးပေါက်ကို ကာကွယ်နိုင်ရုံတင်မကပဲ ခြေထောက်ထဲမှာလည်း ဘောလုံးကို ကောင်းကောင်း ထိန်းကစားနိုင်သူဖြစ်လို့ နည်းပြတန်ဟတ်ရဲ့ ကစားကွက်နဲ့ ကွက်တိပါပဲ။ ဒါ့အပြင် ပြောင်းရွှေ့ကြေးကလည်း ပြီးခဲ့တဲ့လက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပေါင်သန်း ၃၀ ခန့်သာ ရှိပါတယ်။

၂၅ နှစ်အရွယ်ရှိ ဆိုင်မွန်ကတော့ ဘီလ်ဘာအိုအသင်းက ချဲလ်ဆီးကိုပြောင်းရွှေ့သွားတဲ့ ကီပါအာရီဇာဘလာဂါရဲ့ နေရာမှာ ရေရှည်အစားထိုးခဲ့တဲ့ ဂိုးသမားတစ်ယောက်ဖြစ်ပါတယ်။ ကလပ်အသင်းမှာ လက်စွမ်းပြမှုတွေကြောင့် နည်းပြလူးဝစ်အင်းနရစ်ရဲ့ ကာတာကမ္ဘာ့ဖလားသွားမယ့် စပိန်လက်ရွေးစင်အသင်းမှာပါ နံပါတ်တစ်ဂိုးသမားနေရာကို ရရှိထားသူ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြတန်ဟတ်ကတော့ ၃၁ နှစ်အရွယ် ဂိုးသမားဒီဂီယာရဲ့ လက်စွမ်းကိုနှစ်သက်ကြောင်း ပြောခဲ့ပေမယ့် အသင်းမှာဆက်ရှိမရှိဆိုတဲ့ မေးခွန်းကိုတော့ ဖြေခဲ့ခြင်းမရှိပါဘူး။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ကော်စတာ #တန်ဟတ် #ပရီးမီးယားလိဂ်