ရှေ့သို့
Image

ချဲလ်ဆီး အသင်းကနေ ထွက်ခွာဖို့ ပူလီဆစ်ကို အကြံပေးလိုက်တဲ့ ဂျင်မီကာရေဂါ

1:19 PM, 27 October

ဂျင်မီကာရေဂါဟာ ချဲလ်ဆီး ကစားသမား ခရစ်တီယန် ပူလီဆစ်ကို အသင်းဖော် တီမိုဝါနာကဲ့သို့ ချဲလ်ဆီးအသင်းမှ ထွက်ခွာသင့်ကြောင်း အကြံပေးပြောကြားလိုက်ပါတယ်။

ပူလီဆစ်ဟာ ချဲလ်ဆီး အသင်းထံ ဒေါ့မွန်အသင်းကနေ ပြောင်း ရွေ့ကြေး ပေါင် ၅၈ သန်းနဲ့ ပြောင်းရွေ့လာခဲ့တာဟာ ၄ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ချဲလ်ဆီး ကစားသမားဘဝဟာ မျှော်မှန်းသလောက် ဖြစ်မလာခဲ့ပဲ ဒဏ်ရာတွေနဲ့သာ လုံးပန်းနေခဲ့ရပါတယ်။ နည်းပြတူချယ် လက်အောက်မှာ ဦးစားပေး ကစားသမား မဖြစ်ခဲ့သလို နည်းပြ ဂရေဟမ်ပေါ်တာ လက်ထက်မှာလည်း ပွဲ ကစားရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

နွေရာသီအပြောင်းအရွေ့မှာတော့ အသင်းဖော် တီမိုဝါနာဟာ အသင်းဟောင်း လိုက်ဇစ် အသင်းထံ ပြန်လည် ပြောင်းရွေ့သွားခဲ့ပါတယ်။ သူဟာ လိုက်ဇစ် အသင်းမှာ သွင်းဂိုး ၈ ဂိုးအထိ သွင်းယူထားခဲ့ပြီး ပူလီဆစ်ကတော့ ၁ ဂိုးသာ သွင်းယူထားနိုင်တာပါ။ ထို့ကြောင့် ကာရေဂါကတော့ အမေရိကန်သားအနေနဲ့ အနာဂတ်အတွက် စဉ်းစားဖို့ လိုတယ်လို့ ပြောကြားလိုက်ပါတယ်။ ထို့အတူ ကာရေဂါဟာ ပူလီဆစ်အနေနဲ့ ဝါနာရဲ့ ပြုလုပ်ပုံကို နမူနာယူသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် နည်းပြပေါ်တာရဲ့ လက်အောက်မှာလည်း ကစားခွင့်ရလာနိုင်သေးတယ်လို့ ဆိုပါတယ်။

"ပိုငယ်တဲ့ အသင်းမျိုးကို ပူလီဆစ်အနေနဲ့ သေချာပေါက် စဉ်းစားသင့်ပါတယ်။ ဘောလုံးသမား အများစုဟာ မတူညီကြပါဘူး။ တချို့ကစားသမားတွေဆိုရင် အသင်းမှာ နှစ်ပေါင်းများစွာရှိနေပေမယ့် ကစားဖို့ အခွင့် အရေး အများကြီး မရထားပါဘူး" "ဒါကြောင့်လည်း အွန်နရီက တီမိုဝါနာကို လေးစားတယ်လို့ ပြောလိုက်တာပါ။ အရန်ခုံမှာထိုင်နေဖို့ထက် သူ့အနေနဲ့ တစ်ပတ်တခါ ကစားခွင့် ရမယ့်အသင်းမျိုးကိုရွေးချယ်သွားခဲ့ပါတယ်"

"ပူလီဆစ်အနေနဲ့ ဒီအသင်းမှာ မန်နေဂျာ အပြောင်း အလဲ ဖြစ်နေချိန်မှာ အနာဂတ်အတွက် အဲ့သည်လိုပဲ စဉ်းစားသင့်ပါတယ်။ သူ့အနေနဲ့ အခွင့်အရေး ရလားနိုင်ပါတယ်။ ဒါပေမယ့် ပေါ်တာက အသင်းကို ပြောင်းလဲနေတဲ့ နည်းပြ ဖြစ်လို့ ဘယ်သူမဆို အခွင့် အရေးရနိုင်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ မန်နေဂျာ အသိအမှတ်ပြုခံရအောင် အများကြီး ကြိုးစားရပါမယ်" "ဒါပေမယ့် ပူလီဆစ်ဟာ ဒီအသင်းမှာ နှစ် အနည်းငယ် ကြာနေပြီ ဖြစ်ပြီး ဘာမှ ဖြစ်မလာသေးပါဘူး။ ချဲလ်ဆီးကတော့ ဒေါ့မွန်ထက် ချန်ပီယံလိဂ်ကို ကြိုးစားနိုင်တဲ့ အသင်းမျိုးပါ။ ဒါပေမယ့် ရှေ့ရေးကို ဆုံးဖြတ်ချက်ချရပါမယ်။ ဒီပုံစံအတိုင်း ၂ နှစ် ၃ နှစ် ဆက်နေသွားဖို့ မဖြစ်နိုင်ပါဘူး"လို့ ကာရေဂါက ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #ပူလီဆစ် #ဝါနာ #ကာရေဂါ #ပရီးမီးယားလိဂ်