ရှေ့သို့
Image

အေတီကိုရဲ့ နောက်ဆုံးမိနစ် ပယ်နယ်တီ လွဲချော်ပြီးနောက် လေယာဉ်ပေါ်မှာ အောင်ပွဲခံခဲ့ကြတဲ့ ပေါ်တိုကစားသမားများ

11:22 AM, 27 October

အက်သလက်တီကိုမက်ဒရစ် အသင်းက ပွဲချိန်နောက်ဆုံးမိနစ်မှာရရှိလာတဲ့ ပယ်နယ်တီအခွင့်အရေးကို လွဲချော်ခဲ့ပြီးနောက် ချန်ပီယံလိဂ်အုပ်စုအဆင့်ကို လွတ်လွတ်ကျွတ်ကျွတ်ဖြတ်ကျော်ခွင့်ရရှိခဲ့တဲ့ ပေါ်တိုအသင်းကစားသမားတွေဟာ အသင်းလေယာဉ်ပေါ်မှာပဲ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

ချန်ပီယံလိဂ်အုပ်စု-B ရဲ့ အစောပိုင်းပွဲစဉ်မှာ ဘရုဂျက်ကို လေးဂိုးပြတ်အနိုင်ရထားတဲ့ ပေါ်တိုအသင်းက အုပ်စုတူပြိုင်ဖက် အက်သလက်တီကိုရဲ့ပွဲစဉ်မတိုင်ခင် ရမှတ်ကိုးမှတ်အထိ စုဆောင်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြကွန်စီကာအိုရဲ့အသင်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့အတွက် ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းကြီးမှာ ယှဉ်ပြိုင်ကစားမယ့် အက်သလက်တီကိုမက်ဒရစ်နဲ့ လေဗာကူဆင်တို့ပွဲစဉ် ရလဒ်ပိုင်းက အရေးပါနေခဲ့တာပါ။

ဒီယာဘီ၊ ဟတ်ဒ်ဆန်အိုဒွိုင်းတို့ရဲ့သွင်းဂိုးတွေနဲ့ လေဗာကူဆင်ရဲ့ ဦးဆောင်မှုကို နှစ်ကြိမ်တိုင်ခံလိုက်ရတဲ့ အေတီကိုက ကာရတ်စ်ကို၊ ဒီပေါလ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲဆီ ပြန်လာနိုင်ခဲ့ပါတယ်။ ပွဲချိန်ကုန်ဆုံးလို့ ကွင်းလယ်ဒိုင်က ပွဲပြီး ခရာမှုတ်ခဲ့ပေမယ့် မကြာမီမှာပဲ ကွင်းလယ်ဒိုင်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က ကွင်းဘေးမှာရှိတဲ့ မော်နီတာကို ပြန်ကြည့်ခဲ့ပြီးနောက် ပွဲကိုပြန်စတင်ကာ အိမ်ရှင်အသင်းအတွက် ပယ်နယ်တီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီပယ်နယ်တီကို ကာရက်စ်ကို ကန်သွင်းခဲ့ရာ လေဗာကူဆင်ဂိုးသမား လူးကပ်စ်ဟရာဒက်ကီက ပုတ်ထုတ်ကာကွယ်ခဲ့ပြီး လျှံကျလာတဲ့ ဘောလုံးကို ဆာအူလ်နီဂွတ်ဇ်က ထပ်ပြီးခေါင်းတိုက်သွင်းခဲ့ပြန်ရာ ဂိုးဘားတန်းနဲ့ထိပြီး ပြန်ထွက်လာခဲ့ပြန်ပါတယ်။ ဒီနောက်မှာတော့ အက်သလက်တီကိုရဲ့ နောက်ထပ် ကန်သွင်းဖို့ ကြိုးစားမှုဟာ လေဗာကူဆင်နောက်ခံလူနဲ့ထိပြီး ထောင့်ကန်ဘောနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အက်သလက်တီကိုက ပေါ်တိုရဲ့နောက်မှာ လေးမှတ်အထိပြတ်ကျန်ခဲ့ပြီး ချန်ပီယံလိဂ်အုပ်စု အဆင့်မှ ထွက်ခွာရဖို့ သေချာခဲ့ပါတယ်။ ဒါ့အပြင် အက်သလက်တီကိုမက်ဒရစ်ရော၊ လေဗာကူဆင်တို့ပါ ယူရိုပါလိဂ်ဆီ ကူးပြောင်းနိုင်မယ့် အုပ်စုတတိယနေရာအတွက် နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူသွားရဖို့ ဖြစ်လာခဲ့ပါတယ်။

လာမယ့်နိုဝင်ဘာ ၁ ရက်မှာ အက်သလက်တီကိုက ပေါ်တိုနဲ့ အဝေးကွင်းမှာရင်ဆိုင်ရမှာဖြစ်ပြီး လေဗာကူဆင်ကတော့ ဂျာမန်မြေမှာ ဘရုဂျက်နဲ့ ကစားရမှာဖြစ်ပါတယ်။

#အက်သလက်တီကို #လေဗာကူဆင် #ချန်ပီယံလိဂ် #ပေါ်တို