ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်အသင်းကို အကောင်းဆုံး ချေမှုန်းနိုင်ခဲ့ကြောင်း ကြွေးကြော်ပြောဆိုလိုက်တဲ့ တီမိုဝါနာ

4:44 PM, 26 October

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဂျာမန်မြေမှာ လိုက်ပ်ဇစ်အသင်းနဲ့ လက်ရှိဥရောပချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း အိမ်ရှင်လိုက်ပ်ဇစ်အသင်းက တိုက်စစ်အစွမ်းပြကာ ၃ဂိုး - ၂ဂိုး ရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့ပြီးနောက် လိုက်ပ်ဇစ်တိုက်စစ်ကစားသမား ဝါနာက ပြီးပြည့်စုံလုနီးပါ ကစားပုံတစ်ခုကို ပုံဖော်နိုင်ခဲ့ကြောင်း ကြွေးကြော်ပြောဆိုလိုက်တာပဲ  ဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းက အိမ်ကွင်းမှာ အရည်အသွေးမြင့်မားတဲ့ကစားပုံနဲ့အတူ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းကို အကောင်းဆုံး လက်ခံကစားသွားခဲ့ပြီး ဂဗာဒီယော၊ ခရစ္စတိုဖာအန်ကူကူနဲ့ တီမိုဝါနာ တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင် ၃မှတ်ရယူနိုင်ခဲ့တာဖြစ်ပြီး ရီရဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို တော့ ပြီးခဲ့တဲ့ ရာသီမှာကတည်းက တောက်လျှောက်ခြေစွမ်းကောင်းတွေ ပြနေတဲ့ ဗင်နီးစီးယက်စ်နဲ့ ရိုဒရီဂိုတို့က သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းအတွက် အဖိုးတန် အနိုင်သေချာစေမယ့် တတိယမြောက်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား တီမိုဝါနာက “ပထမအကျော့ ပွဲစဉ်မှာတုန်းကလည်း ကစားပုံကောင်းမွန်ခဲ့ပေမဲ့ ဒီနေ့ပွဲလို သွင်းဂိုးတွေ ရဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာတော့ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့သလို ဥရောပချန်ပီယံအသင်း တစ်သင်းကို အနိုင်ကစားဖို့ ခက်ခဲတာမှန်ပေမဲ့ ကျွန်တော်တို့အသင်းက အနိုင်ရယူနိုင်ခဲ့ပါတယ်” “ဒီပွဲကို အနိုင်ကစားနိုင်လိုက်တာကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ကျော်လွှားနိုင်ဖို့ အခွင့်အရေးက ကိုယ့်လက်ထဲကို ရောက်ရှိလာပြီ ဖြစ်ပြီး ရှက်တာဒိုးနက်အသင်းကို အနိုင်ကစားစရာတောင် မလိုတော့ပါဘူး။ ကျွန်တော်တို့အသင်းရဲ့ ကစားပုံက ပြီးပြည့်စုံလုနီးပါးကောင်းမွန်ခဲ့ပါတယ်”လို့ပွဲအပြီးမှာ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#တီမို၀ါနာ #ရီးရဲလ်မက်ဒရစ် #လိုက်ပ်ဇစ် #ချန်ပီယံလိဂ်