ရှေ့သို့
Image

ဘင်ဖီကာနဲ့ပွဲစဉ်အတွက် ယုံကြည်ချက်အပြည့်ရှိနေတဲ့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ

11:34 AM, 25 October

ဒီနေ့ညပိုင်း၊ ပေါ်တူဂီမြေမှာ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်အတွက် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက အဆင်ပြေပြေဖြတ်သန်းနိုင်လိမ့်မယ်လို့ ယုံကြည်ချက်အပြည့် ရှိနေပါတယ်။

လက်ကျန်ပွဲစဉ် ၂ ပွဲသာ ကစားရဖို့ ကျန်ရှိတော့ချိန် ဂျူဗင်တပ်စ်ဟာ ဒီနေ့ညပိုင်း၊ ပွဲစဉ်ကို မဖြစ်မနေ အနိုင်ကစားနိုင်မှသာ နောက်တစ်ဆင့်တက်နိုင်ရေး မျှော်လင့်ချက် အသက်ဆက်နိုင်မှာဖြစ်ပါတယ်။

မက္ကာဘီဟိုင်ဖာကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ရခြင်းမှာ ဂျူဗင်တပ်စ်အတွက် အမှားအယွင်းအတိမ်းအစောင်းခံလို့ မရတော့သလို ဒီနေ့ညပိုင်း၊ လစ္စဘွန်းမြေမှာသာ နိုင်ပွဲမရခဲ့ရင် သူတို့အသင်းဟာ ဥရောပထိပ်တန်းပြိုင်ပွဲကနေ ထွက်ခွာရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်က ဒီနေ့ညပိုင်းပွဲစဉ်မှာ အနိုင်ရရှိခဲ့ရင်တောင် အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာလည်း အနိုင်ရလဒ်ရရှိအောင် စွမ်းဆောင်ဖို့ လိုအပ်သလို မက္ကာဘီဟိုင်ဖာနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အစ္စရေးမြေမှာရင်ဆိုင်ရမယ့် ဘင်ဖီကာတို့ ခြေချော်ဖို့ကိုလည်း စောင့်မျှော်နေရဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့၊ ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အယ်လီဂရီက “ ဘင်ဖီကာနဲ့ပွဲစဉ်မှာ အားလုံးအဆင်ပြေပြေဖြစ်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် မှားကောင်းမှားနိုင်ပါတယ်။ ဒါပေမယ့် ယုံကြည်ချက်အပြည့်ရှိပါတယ်။

ကျွန်တော်တို့ ရလဒ်ကောင်းတစ်ခုကို ရှာဖွေသွားရမယ်။ ကျွန်တော်တို့အသင်းက အခုအချိန်အထိ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မထွက်ခွာရသေးသလို ယူရိုပါလိဂ်ဆီလည်း မရောက်သေးပါဘူး။

ပွဲစဉ် ၂ ပွဲ၊ ရမှတ် ၆ မှတ်အတွက် တိုက်ပွဲဝင်သွားရမယ်။ ကျွန်တော်တို့က ကိုယ့်ကြမ္မာ ကိုယ်မဖန်တီးနိုင်ပါဘူး။ တဖက်မှာတော့ ဘင်ဖီကာက သူတို့ကံကြမ္မာကို သူတို့ကိုယ်တိုင်ဖန်တီးခွင့် ရရှိထားပါတယ်”လို့ ပြောဆိုခဲ့တာပါ။

ဂျူဗင်တပ်စ်နောက်ခံလူ အဲလက်စ်ဆန်ဒရိုကလည်း သူတို့အသင်းရဲ့အရည်အသွေးတွေကို သက်သေပြသွားဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

“ဒီပွဲစဉ်က တန်ဖိုးအရမ်းကြီးပါတယ်။ နိုင်ပွဲ မဖြစ်မနေလိုအပ်နေပါတယ်။ ကျွန်တော်တို့ဟာ အနိုင်ရဖို့ ပွဲကြီးပွဲကောင်းတစ်ခုကို ကစားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ခြေစွမ်း တိုးတက်နေပါတယ်။ ပြီးတော့ ဒီပွဲစဉ်မှာ အမှားအယွင်းတစ်ခုတစ်လေတောင် လုပ်လို့မရဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။

ကျွန်တော်တို့အသင်းရဲ့ အရည်အသွေးတွေကို သက်သေပြသွားဖို့ ကွင်းထဲကို သွားရမှာဖြစ်တယ်။ ဘင်ဖီကာကိုလည်း ဒီရာသီပထဆုံးရှုံးပွဲကြုံတွေ့သွားစေဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော် သူတို့အသင်းအကြောင်း ကောင်းကောင်းသိသလို တချို့တွေက အရမ်းသန်မာကြပါတယ်။ ဒီပွဲစဉ်က အရမ်းကို ခက်ခဲလွန်းတဲ့  ပွဲစဉ်တစ်ခုဖြစ်ပါတယ်။ အချိန်မရွေး ပွဲအဖြေကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားတွေ ဘင်ဖီကာမှာ ရှိပါတယ်” လို့ အဲလက်စ်ဆန်ဒရိုက ပြောဆိုခဲ့တာပါ။

#ဂျူဗင်တပ်စ် #ချန်ပီယံလိဂ် #အယ်လီဂရီ #ဘင်ဖီကာ