ရှေ့သို့
Image

ဒင်းဟန်ဒါဆန်က ယူနိုက်တက်မှာ နေရာရဖို့မဖြစ်နိုင်ဘူးလို့ ယူနိုက်တက် ကစားသမားဟောင်း သုံးသပ်

10:54 AM, 25 October

မန်ချက်စတာယူနိုက်တက်ကနေ အငှားထွက်ကစားနေတဲ့ ဂိုးသမားဒင်းဟန်ဒါဆန်ဟာ နည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ ပထမဦးစားပေးဂိုးသမားအဖြစ်နဲ့ ဒေးဗစ်ဒီဂီယာရဲ့နေရာကို ဘယ်တော့မှ အစားထိုးခံရတော့မှာ မဟုတ်ပါဘူးဆိုပြီး ယူနိုက်တက်ကစားသမားဟောင်း တစ်ယောက်ဖြစ်တဲ့ ဂက်ခရွတ်ခ်က ဝေဖန်သုံးသပ်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက နော်တင်ဟမ်ဖောရက်စ်ကို အငှားထွက် ကစားခဲ့ပြီးနောက် ဒီရာသီမှာ လက်စွမ်းပြ ကစားလျက်ရှိပါတယ်။ ဖောရက်စ်ဟာ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ပြန်လာနိုင်တဲ့နှစ်မှာ ရုန်းကန်နေရပြီး အဖွင့် ၁၂ ပွဲကနေ ၉ မှတ်သာ ရရှိထားပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အောက်ဆုံးကို ရောက်ရှိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့စနေနေ့က လီဗာပူးကို အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတော့ အထူးလက်စွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်အဖြစ် ကစားခဲ့ဖူးတဲ့ ခရွတ်ခ်ကတော့ ဟန်ဒါဆန်ဟာ ဖောရက်စ်အတွက်တော့ အစားထိုးမရတဲ့ ဂိုးသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ နံပါတ် ၁ ဂိုးသမား ဖြစ်နိုင်ပါ့မလားဆိုတာကတော့ သံသယရှိစရာကောင်းတယ်လို့ ပြောခဲ့ပါတယ်။

ခရွတ်ခ်က “ဒင်းဟန်ဒါဆန်က ပွဲတိုင်းနီးပါး လက်စွမ်းပြနေတာ မှန်ပေမယ့် ဥရောပချန်ပီယံ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူ့လက်စွမ်းက ထင်သလောက်ရော အရေးပါပြီး ကောင်းရဲ့လား။ ဒီပွဲ(စနေညပွဲစဉ်) ဆိုရင် လီဗာပူးနိုင်သင့်တဲ့ပွဲပါ၊ ဒါပေမယ့် ဒင်းဟန်ဒါဆန်ကြောင့် သူတို့(ဖောရက်စ်) ကတောင် နိုင်သွားခဲ့တယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ အငှားကစားသမားက နော်တင်ဟမ်ဖောရက်စ်မှာ ပင်နယ်တီတွေပါ ကာကွယ်နေတယ်။ ဂိုးစည်းပေါ်ကနေလည်း ရှင်းထုတ်သွားတာတွေရော၊ လီဗာပူးနဲ့ပွဲက ကာကွယ်မှုတွေဆိုရင် ဖောရက်စ်ကိုတောင် မရှုံးအောင်လုပ်ပေးသွားတယ်။ ဟန်ဒါဆန်အတွက် အခက်အခဲကတော့ ယူနိုက်တက်မှာ ဒေးဗစ်ဒီဂီယာရဲ့နေရာကို အစားဝင်ခွင့် ရနိုင်မှာ မဟုတ်ပါဘူး ဒါပေမယ့် ဖောရက်စ်မှာသာဆိုရင်တော့ သူအရမ်းကောင်းတဲ့ ဂိုးသမားတစ်ယောက်ပါပဲ”ဆိုပြီး ပြောသွားခဲ့ပါတယ်။

လီဗာပူးကို အံ့အားသင့်ဖွယ် နိုင်ပွဲရရှိခဲ့တာကြောင့်လည်း ဖောရက်စ်နည်းပြ စတိဗ်ကူးပါးက သူ့အသင်းကိုပွဲပြီး အင်တာဗျူးမှာ ချီးကျူးခဲ့ပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #ဒင်းဟန်ဒါဆန် #အဲရစ်တန်ဟက်ချ် #ခရွတ်စ် #ပရီးမီးယားလိဂ်