ရှေ့သို့
Image

ကက်စ်မဲရိုးရဲ့ ချေပဂိုးက မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ရတယ်လို့ ဝန်ခံလိုက်တဲ့ လော့ဖ်တပ်ချိ

10:49 AM, 24 October

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းတွေ တစတစ ပုံဖော်လာနိုင်တဲ့ နည်းပြ အဲရစ်တန်ဟတ် ကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နည်းပြ ပေါ့တာရဲ့ ချဲလ်ဆီးအသင်းတို့ဟာ စနေနေ့ညမှာ စတန်းဖို့ဒ်ဘရစ်ကွင်း အတွင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယူနိုက်တက်အသင်း က ကက်စ်မဲရိုးရဲ့ ပွဲပြီးဆုံးခါနီး သွင်းယူနိုင်ခဲ့တဲ့ ချေပဂိုးနဲ့အတူ သရေတစ်မှတ် ရရှိသွားခဲ့တဲ့ အပေါ် ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ခြေစွမ်းပြကစားခဲ့တဲ့ ရူဗင်လော့ဖ်တပ်ချိက ကက်စမဲရိုးရဲ့ ချေပဂိုးကို မယုံနိုင်ရလောက်အောင် ဖြစ်နေတယ်လို့ ဝန်ခံပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ကွင်းအတွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်တစ်လျှောက်လုံး ယူနိုက်တက်အသင်းက ချဲလ်ဆီး အသင်းကို ဆက်တိုက်ဖိအားပေးထားနိုင်ခဲ့ပေမဲ့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်းပွဲကစားချိန် ၈၇မိနစ်အရောက်မှာတော့ တိုမီနေးရဲ့ အမှားမှတစ်ဆင့်ရရှိလာတဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို ကွင်းလယ်လူ ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့ကာ ချဲလ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး ထပ်ဆောင်း အချိန်ပို မိနစ်အတွင်းမှာ ယူနိုက်တက်ကွင်းလယ်ကစားသမား ကက်စမဲရိုးက လုရှော ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူကာ ချေပဂိုးပြန်လည် သွင်းယူသွားနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ ၁ဂိုး - ၁ဂိုး စီသရေရလဒ်ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကက်စမဲရိုးရဲ့ ချေပဂိုးနဲ့ ပက်သက်လို့ လော့ဖ်တပ်ချိက “ကျွန်တော်တို့ အနိုင်ရသင့်တယ်လို့ ထင်ရတဲ့ ပွဲစဉ်တွေထဲက တစ်ပွဲလို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ နောက်တန်းမှာ ကျစ်လစ်တဲ့ စုဖွဲ့မှုနဲ့ အကောင်းဆုံး တုံ့ပြန်ကစားနေနိုင်ခဲ့တာ ဖြစ်ပြီး ကက်စမဲရိုးရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့လိုက်ရတာကတော့ အတော်အံ့အားသင့်နေရပြီး ဘယ်လိုမျိုးပေးလိုက်ရတာလဲဆိုတာတောင် အတွေးခက်သွားစေပါတယ်။ ဒီဂိုးကို ခွင့်ပြုလိုက်ရပြီးနောက် ကျွန်တော်တို့အသင်း အရေးနိမ့်သွားသလိုပါ ခံစားလိုက်ရစေပါတယ်” လို့ ဝန်ခံပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ကက်စ်မဲရိုး #လော့ဖ်တပ်ချိခ် #ပရီးမီးယားလိဂ်