ရှေ့သို့
Image

အာဆင်နယ်က ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်တဲ့အသင်းဖြစ်လာကြောင်း ချီးကျူးခဲ့တဲ့ နစ္စတယ်ရွိုင်း

4:03 PM, 21 October

ပီအက်စ်ဗွီအသင်းရဲ့နည်းပြချုပ် ရူဒ်ဗန်နစ္စတယ်ရွိုင်းက အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်လာကြောင့် ဂန်းနားတွေနဲ့ ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်အပြီးမှာ ပြောလိုက်ပါတယ်။

မီခေးလ်အာတီတာရဲ့အသင်းဟာ လက်ရှိအမှတ်ပေးဇယားကို ၄ မှတ်ဖြတ်ကာ ဦးဆောင်နေပြီး ၁၀ ပွဲကစားပြီးချိန်မှာ ၉ ပွဲနိုင်ပြီး ကြာသပတေးနေ့ကလည်း ပီအက်စ်ဗွီကို ၁-၀ နဲ့နိုင်ကာ ဒီရာသီဥရောပအဆင့်မှာလည်း ၁၀၀% နိုင်ပွဲ ဆက်နေပါတယ်။ ဂရန်းနစ်ဇာခါရဲ့ ဒုတိယပိုင်း သွင်းဂိုးက ဂန်းနားတို့ အနိုင် ၃ မှတ် ရရှိစေခဲ့ပြီး ၂ ပွဲကစားဖို့ ကျန်သေးပေမယ့် အုပ်စု A မှာ နစ္စတယ်ရွိုင်းရဲ့ ပီအက်စ်ဗွီကိုပါ ၅ မှတ်ဖြတ်ပြီး ဦးဆောင်ထားပါတယ်။ အခုလို အုပ်စုပထမနေရာကို ရရှိထားတာကြောင့် ချန်ပီယံလိဂ်ကနေ ဆင်းလာမယ့် အသင်းတွေနဲ့ play-off ကစားရမှာကို ရှောင်ကာ ချန်ပီယံဆုတွေအတွက်ပဲ အာရုံစိုက်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကသာ bookies အကြိုက် ချန်ပီယံအသင်းဖြစ်နေပေမယ့်လည်း အာဆင်နယ်ကလည်း ထင်ထားတာထက်ပိုပြီး အများကြီး လုပ်ပြနိုင်မှာဖြစ်ကြောင်း နစ္စတယ်ရွိုင်းက ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်နဲ့ ရင်ဆိုင်ပြီးပြီဆိုတော့ ဒီရာသီအာဆင်နယ်အသင်း ဘာတွေလုပ်ပြနိုင်မလဲလို့ မေးမြန်းရာမှာတော့ နစ္စတယ်ရွိုင်းက “ကျွန်တော်အရင်ဆုံး မီခေးလ်(အာတီတာ) ကို ချီးကျူးချင်ပါတယ်။ သူ့ရဲ့အသင်းကို တည်ဆောက်ပုံ၊ အသင်းကို ကစားခိုင်းတဲ့ပုံ၊ သူ့ရဲ့ ကစားကွက်နဲ့ ကွက်တိကျမယ့် ကစားသမားတွေကို ခေါ်ပြီး ကစားချင်တဲ့ ပုံစံရအောင် ကစားတာတွေ၊ လက်ရှိ ရယူနေတဲ့ရလဒ်တွေ ဒါတွေအားလုံးက ချီးကျူးရမှာတွေပါ။ ပရီးမီးယားလိဂ်မှာ ၁၀ ကစားပြီးတော့ ၉ ပွဲနိုင်ထားတယ်ဆိုတော့ သူတို့ကလည်း ချန်ပီယံလမ်းကြောင်းပေါ်က အသင်းတစ်သင်းဆိုတာ သိသာပါတယ်။ ပြီးတော့ ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး အသင်းတွေထဲက တစ်သင်းလည်း ဖြစ်နေတာ ဒီလောက်ဆိုရင် သူတို့ဘာတွေကို စိန်ခေါ်နိုင်မလဲ ခန့်မှန်းလို့ရပါတယ်။ ဒါပေမယ့် နည်းပြနဲ့ လူစာရင်းမှာ ဒီလိုအရည်အသွေး အမှန်တကယ်ရှိနေလို့သာ ဒီလိုစိန်ခေါ်နိုင်တဲ့ အဆင့်တစ်ခုကို ရောက်လာတာပါ”လို့ ပြောခဲ့ပါတယ်။

#အာဆင်နယ် #ပီအက်စ်ဗွီ #နစ္စတယ်ရွိုင်း #ပရီးမီးယားလိဂ်