ရှေ့သို့
Image

တူရကီထိပ်သီး ဂါလာတာစာရေးရဲ့ အဓိကပစ်မှတ်ဖြစ်လာတဲ့ ဂမ်ဒိုဂန်

2:47 PM, 21 October

မန်ချက်စတာစီးတီး အသင်းခေါင်းဆောင် ကွင်းလယ်လူ အီကေးဂမ်ဒိုဂန်ကို တူရကီထိပ်သီးအသင်း ဂါလာတာစာရေးက အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂမ်ဒိုဂန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း နည်းပြပက်ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီးမှာ အဓိက ကစားသမား တစ်ယောက်ဖြစ်လာခဲ့ပေမယ့်လည်း အီတီဟတ်မှာ စာချုပ်သက်တမ်းက ၁ နှစ်အောက်သာ ကျန်ပါတော့တယ်။

The Sun သတင်းစာရဲ့အဆိုအရ တူရကီထိပ်သီးအသင်းဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ချိန်မှာ ကွင်းလယ်လူကို အလွတ်နဲ့ ခေါ်ယူဖို့စိတ်ဝင်စားနေပြီး ဂျာမန်လက်ရွေးစင် ကိုယ်တိုင်ကလည်း တစ်ချိန်ကျရင် တူရကီမှာ ကစားဖို့ရည်ရွယ်ထားကြောင်း ပြောခဲ့ဖူးပါတယ်။ ဂမ်ဒိုဂန်ဟာ စီးတီးနဲ့ စာချုပ်သစ်ကိစ္စ သဘောတူထားတာမျိုးလည်း မရှိသေးသလို အသင်းနဲ့ အကြိုသဘော ဆွေးနွေးမှုမျိုးလည်း မရှိသေးပါဘူး။

တူရကီနွယ်ဖွားတစ်ယောက်ဖြစ်တာကြောင့်လည်း သူအနားမယူခင် တစ်ချိန်ချိန်မှာ တူရကီ သို့မဟုတ် အမေရိကန်ကို သွားရောက်ကစားဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။ ဒီရာသီပြိုင်ပွဲစုံ ၁၃ ပွဲ ကစားထားပြီးဖြစ်လို့ စီးတီးဆီကနေလည်း ကမ်းလှမ်းမှုတွေ ရရှိလာဖို့ ရှိနေပါတယ်။ ဂမ်ဒိုဂန်ဟာ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးနည်းပြဘ၀ ပထမဆုံး ခေါ်ယူမှုဖြစ်ပြီး ၂၀၁၆ မှာ ဒေါ့မွန်ကနေ ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး စုစုပေါင်း ၂၆၇ ပွဲကစားပြီး ၅၁ ဂိုးသွင်းယူထားပြီး ဖြစ်ပါတယ်။

မန်ချက်စတာမှာ ရှိနေခဲ့တဲ့ ၆ နှစ်အတွင်းမှာလည်း ပရီးမီးယားလိဂ် ၄ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်နဲ့ FA ဖလား ၁ ကြိမ်စီ ရရှိခဲ့ပါတယ်။ ဂါလာတာစာရေးကတော့  လက်ရှိတူရကီစူပါလိဂ်မှာ အဆင့် ၇ နေရာကို ရောက်ရှိနေပြီး ရလဒ်တွေ ဆိုးရွားလျက်ရှိပါတယ်။၂၀၂၀ - ၂၁ ရာသီက ဒုတိယ ရရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီကတော့ အဆင့် ၁၃ သာ ရရှိခဲ့တာကြောင့် တူရကီဘောလုံးလောကရဲ့ ထိပ်သီးအသင်း တစ်သင်းပီသစေဖို့ ကမ္ဘာကျော်ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူဖို့ ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။

#မန်စီးတီး #ဂါလာတာစာရေး #ဂွါဒီယိုလာ #ဂမ်ဒိုဂန် #ပရီးမီးယားလိဂ်