ရှေ့သို့
Image

ရော်နယ်ဒိုဘက်ကနေ ယူနိုက်တက်နည်းပြ တန်ဟတ်ကို ပြစ်တင်ဝေဖန်ခဲ့တဲ့ ပက်ထရစ်အီဗရာ

4:37 PM, 20 October

မန်ချက်စတာယူနိုက်တက် ခံစစ်မှူးဟောင်း ပက်ထရစ်အီဗရာကတော့ နည်းပြ အဲရစ်တန်ဟတ်ဟာ ခရစ္စတီယာနိုရော်နယ်ဒို့အပေါ်မှာ လေးစားမှုမရှိဘူးဆိုပြီး ဝေဖန်ခဲ့ပါတယ်။ နယ်သာလန်နည်းပြကြီးဟာ တော့တင်ဟမ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုကို ချန်လှပ်ခဲ့ပြီး မိနစ် ၉၀ လုံးလည်း လူစားဝင်ခွင့်တောင် ပေးခဲ့ခြင်းမရှိပါဘူး။

ယူနိုက်တက်ဟာ တန်ဟတ်လက်ထက် အကောင်းဆုံးခြေစွမ်းလို့ ပြောလို့ရတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ နိုင်ပွဲရရှိခဲ့ပေမယ့်လည်း ပွဲချိန် ၈၉ မိနစ်မှာ အဝတ်လဲခန်းထဲဝင်ပြီး ပွဲမပြီးဆုံးခင်မှာတင် ကွင်းထဲကနေပါ ထွက်ခွာသွားခဲ့တဲ့ ရော်နယ်ဒိုရဲ့ အပြုအမူကြောင့် လူပြောစရာဖြစ်သွားခဲ့ပါတယ်။ အဆိုပါအပြုအမူကြောင့် ရော်နယ်ဒိုကို ဝေဖန်တာတွေလည်း ရှိခဲ့ပေမယ့် ယူနိုက်တက်ဂန္တဝင်ကြီး အီဗရာကတော့ ရော်နယ်ဒိုဘက်ကနေ သူ့ရဲ့အသင်းဖော်ဟောင်းအပေါ် အသင်းရဲ့ ဆက်ဆံပုံက လေးစားမှုမရှိပါဘူးဆိုပြီး ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

အီဗရာက “မန်စီးတီးနဲ့ပွဲပြီး အင်တာဗျူးမှာ တန်ဟတ်ပြောသွားတာက ဒီလိုပွဲမျိုးမှာ ရော်နယ်ဒိုကို ထည့်မကစားတာက သူ့ရဲ့ကစားသမားဘဝကို လေးစားလို့ပါတဲ့။ တကယ်သာ ရော်နယ်ဒိုရဲ့ ကစားသမားဘဝကို လေးစားရင် သူ့ကိုလည်း ပေးကစားသင့်ပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ ခုလိုကွင်းထဲကနေ နည်းပြတန်ဟတ်ရဲ့ ခွင့်ပြုချက်မရပဲ ထွက်ခွာမှုဟာ ဒုတိယအကြိမ်ပဲ ဖြစ်ပါတယ်။ ဇူလိုင်လတုန်းက ဗယ်လီကာနိုနဲ့ ခြေစမ်းပွဲမှာလည်း ၃၇ နှစ်အရွယ် ကစားသမားကြီးဟာ ပထမပိုင်းအပြီး လူစားလဲခံခဲ့ရပြီးနောက် ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပါသေးတယ်။ ပွဲပြီးချိန်မှာတော့ တန်ဟတ်က ကြာသပတေးနေ့ (ယနေ့) မှာ အဆိုပါအပြုအမူနဲ့ ပက်သက်လို့ ရော်နယ်ဒိုနဲ့ စကားပြောသွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ပွဲပြီးအင်တာဗျူးမှာ ရော်နယ်ဒိုကို ကွင်းထဲက ထွက်ခွာခွင့်ပေးခဲ့သလားလို့ မေးမြန်းရာမှာတော့ နယ်သာလန်သားကြီးက “ကျွန်တော်သူ့ကို တွေ့လိုက်ပါတယ် ဒါပေမယ့် စကားတော့ မပြောခဲ့ပါဘူး။ မနက်ဖြန်ကျရင်တော့ ပြောဖြစ်မယ်၊ ဒီနေ့တော့ မဟုတ်သေးဘူး။ ဒီနေ့က အောင်ပွဲခံရမယ့်နေ့ပဲ”ဆိုပြီး ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ တော့တင်ဟမ်ကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့ပြီး အခုဆိုရင် ပြိုင်ပွဲစုံ ၅ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အီဗရာ #ရော်နယ်ဒို #တန်ဟတ် #ပရီးမီးယားလိဂ်