ဘိုဝမ် ပယ်နယ်တီ မကန်သွင်းမီ လီဗာပူးဂိုးဧရိယာထဲရှိ ပယ်နယ်တီအမှတ်အသားကို ခြေထောက်နဲ့ဖိချေခဲ့တဲ့ ဗန်ဒိုက်
3:42 PM, 20 October
ဒီနေ့မနက်ပိုင်း၊ အန်ဖီးလ်ကွင်းအတွင်း လီဗာပူးနဲ့ ဝက်စ်ဟမ်းတို့ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီးမှာ အိမ်ရှင်အသင်းရဲ့ဂိုးဧရိယာအတွင်း ဝက်စ်ဟမ်းက ပယ်နယ်တီမကန်သွင်းမီ လီဗာပူးနောက်ခံလူဗန်ဒိုက်က ပယ်နယ်တီအမှတ်အသားကို သူ့ရဲ့ ညာခြေထောက်နဲ့ ဖိချေခဲ့တဲ့ ရုပ်သံမှတ်တမ်းတိုတစ်ခု ပေါ်ပေါက်လာပါတယ်။
ပထမပိုင်းပြီးဆုံးခါနီးမှာ ဝက်စ်ဟမ်းတို့တိုက်စစ်ဆင်ကစားလာချိန် ဘောလုံးကို လက်ခံရရှိထားတဲ့ ဧည့်သည်အသင်းတိုက်စစ်မှူးဘိုဝင်ကို လီဗာပူးနောက်ခံလူဂျိုးဂိုးမက်ဇ်က အနောက်ကနေ ဝင်ဖျက်သလိုဖြစ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်အပေါ် VAR ဒိုင်က အချိန်ကြာမြင့်စွာစစ်ဆေးခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းဆီ ပယ်နယ်တီကန်ခွင့် ပေးအပ်ဖို့ ကွင်းလယ်ဒိုင်ကို အကြံပြုခဲ့ရာ ကွင်းလယ်ဒိုင်က သဘောတူလက်ခံခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုစစ်ဆေးနေတဲ့အချိန်အတွင်း လီဗာပူးနောက်ခံလူ ဗန်ဒိုက်က အသင်းဂိုးဧရိယာထဲမှာရှိတဲ ပယ်နယ်တီအမှတ်အသားကို သူ့ရဲ့ ညာခြေထောက်နဲ့ပွတ်ချေနေတဲ့ ရုပ်သံမှတ်တမ်းတိုတစ်ခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပေါ်ပေါက်လာခဲ့တာပါ။
ဒီနောက်မှာတော့ ဘိုဝမ်က ပယ်နယ်တီကန်သွင်းခဲ့ရာ ဂိုးသမားအလီဆင်က ပုတ်ထုတ်ကာကွယ်ခဲ့ပြီး လီဗာပူးက နူနက်ဇ်ရဲ့သွင်းဂိုးနဲ့ ပွဲကိုဦးဆောင်ထားမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ဗန်ဒိုက်ရဲ့အပြုအမူအပေါ် ပရိသတ်တွေက အမျိုးမျိုးတုံ့ပြန်ခဲ့ပါတယ်။
ဒီဖြစ်ရပ်အပေါ် ပရိသတ်တစ်ဦးက “ VAR စစ်ဆေးနေတဲ့ အခိုက်အတန့်အပိုင်းအခြားကို ဗန်ဒိုက်က ပယ်နယ်တီအမှတ်အသားကိုနင်းချေဖို့အတွက် အသုံးချနေတယ်၊ တကယ့်ကို လူပါးဝတာပဲ”လို့ ရေးသားခဲ့သလို နောက်တစ်ဦးကမူ “ ဗန်ဒိုက်က ဒါမျိုး လုပ်လုပ်၊ မလုပ်လုပ် ပယ်နယ်တီကန်ချက်ကတော့ လုံးဝကို ဆိုးရွားလွန်းပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။တတိယမြောက်တစ်ဦးကတော့ “ ပယ်နယ်တီအတွက် လူတိုင်း ဒါမျိုးတွေ လုပ်နေကြတာပဲ၊ လီဗာပူးလုပ်မှ အသံတွေ ထွက်လာကြတာပါ”လို့ ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်၊ ချဲလ်ဆီးနဲ့ လီဗာပူးတို့ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက မိုဆာလက်ပယ်နယ်တီ မကန်သွင်းမီ ပယ်နယ်တီအမှတ်အသားကို ခြေထောက်နဲ့ နင်းချေခဲ့တာကြောင့် ကွင်းလယ်ဒိုင်အန်တိုနီတေလာရဲ့ အဝါကတ်ပြသမှုကို ခံယူခဲ့ရပါတယ်။ မိုဆာလက်ကတော့ ဘိုဝမ်နဲ့မတူခဲ့ဘဲ ပယ်နယ်တီကို သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
#လီဗာပူး #ဗန်ဒိုက် #ဘိုဝမ် #ပရီးမီးယားလိဂ်