ရှေ့သို့
Image

ဘိုဝမ်ရဲ့ ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား အလီဆင်အပေါ် ချီးကျူးခဲ့တဲ့ လီဗာပူးနည်းပြ ကလော့ပ်

10:24 AM, 20 October

ဒီနေ့မနက်ပိုင်း၊ အန်ဖီးလ်ကွင်းမှာ ဝက်စ်ဟမ်းကို ၁-ဝဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ပထမပိုင်း ပွဲချိန်ပြီးဆုံးခါနီးမှာ ဝက်စ်ဟမ်း တိုက်စစ်မှူးဘိုဝမ်ရဲ့ပယ်နယ်တီကန်ချက်ကို ကာကွယ်နိုင်တဲ့ ဂိုးသမားအလီဆင်အပေါ် လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ချီးမွှမ်းခန်းဖွင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ မန်စီးတီးကို အနိုင်ရခဲ့တဲ့ ဂိုးရလဒ်အတိုင်း ဝက်စ်ဟမ်းကို အနိုင်ရခဲ့ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကတော့ မန်စီးတီးနဲ့ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်အတိုင်း ဖြစ်မလာခဲ့ပါဘူး။

ဒါပေမယ့် သီတင်းပတ်တစ်ပတ်တာကာလအတွင်း သုံးပွဲကစားခဲ့ရတာကြောင့် ဒီလိုတသမတ်တည်းစွမ်းဆောင်ရည်မျိုး ချပြနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသာပါတယ်။ လီဗာပူး အသင်းသားတွေအနေနဲ့ ပထမပိုင်းပွဲချိန်အတွင်း ဘိုဝမ်ရဲ့ပယ်နယ်တီကို ကာကွယ်ပေးခဲ့တဲ့ ဂိုးသမားအလီဆင်အပေါ် အကြွေးတင်သွားခဲ့ပါပြီ။

ကလော့ပ်က “ပထမပိုင်းပွဲချိန်တွေက အရမ်းကိုကောင်းလွန်းတဲ့ ပွဲချိန်တွေ ဖြစ်ခဲ့ပါတယ်။  ပထမပိုင်းပွဲချိန်ပြည့်ခါနီး ပယ်နယ်တီပေးလိုက်ရတာနဲ့အတူ ဆိုးရွားတဲ့အဆုံးသတ်တစ်ခုနဲ့ နီးစပ်ခဲ့ပေမယ့် အလီဆင်က ဒီပယ်နယ်တီကို ကာကွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကံကောင်းခဲ့တယ်ဆိုတဲ့ အတွေ့အကြုံတွေ ခံစားခဲ့ရပေမယ့် ပထမပိုင်း ကစားပုံကတော့ အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့အသင်းက ထူးခြားတဲ့တဲ့ ပွဲစဉ်တစ်ပွဲကို ကစားခဲ့တာပါ။ ကျွန်တော်တို့ဟာ ဘောလုံးကို ကောင်းကောင်းကစားပြီး အခွင့်အရေးတွေဖန်တီးတယ်။ ကျွန်တော်တို့က အံ့သြဖွယ်သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်သလို၊ နောက်ထပ်ကန်ချက်ကလည်း တိုင်ထိထွက်သွားတယ်။ ဝက်စ်ဟမ်း အသင်းရဲ့ ဂိုးသမား ဖေဘီယန်စကီးကလည်း ကောင်းမွန်တဲ့ ဂိုးပေါက်ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့သလို ဂိုးဧရိယာထဲမှာရှိတဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ နေရာတွေကိုလည်း ပိတ်ဆို့ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ အဲ့ဒီအတိုင်းက ကျွန်တော်တို့ မကစားနိုင်ခဲ့ပါဘူး။ ဒါကပဲ ဒီပွဲစဉ်က အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ဖို့ ဖြစ်လာခဲ့ရတဲ့ အကြောင်းရင်းပါ။ ဒီကာလက အသင်းတိုင်းအတွက် အရမ်းအရေးပါပြီး ခက်ခဲတဲ့ကာလဖြစ်ပါတယ်။ ဒါကြောင့် ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိဖို့ပဲ ကြိုးစားအားထုတ်ရမှာပါ။ နောက်သုံးရက်အကြာမှာလည်း နော်တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် ပွဲစဉ်က စောင့်ဆိုင်းနေပါပြီ”လို့ ပြောဆိုခဲ့တာပါ။

ဝက်စ်ဟမ်းကို အနိုင်ရပြီးနောက် လီဗာပူးအသင်းဟာ အခုရာသီပရီးမီးယားလိဂ် ၁၀ ပွဲကစား၊ ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၇ နေရာကို တက်လှမ်းလာခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #အလီဆင် #ဘိုဝမ် #ပရီးမီးယားလိဂ်