လိဒ်ယူနိုက်တက် အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ရမ်စ်ဒေးလ်ကို အာတီတာ ချီးကျူး
10:58 AM, 17 October
အာဆင်နယ်အသင်းနည်းပြ အာတီတာက လိဒ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တာဟာ ကံကောင်းခဲ့တာကြောင့်ဖြစ်ပြီး ရမ်စ်ဒေးလ်ရဲ့လက်စွမ်းကိုလည်း ချီးကျူးပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ တနင်္ဂနွေနေ့ လိဒ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တာကြောင့် မန်စီးတီးက လီဗာပူးကို အရေးနိမ့်ခဲ့တဲ့အနေအထားမှာ ၄ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။
ဆာကာက ရိုဒရီဂိုရဲ့အမှားကနေ အာဆင်နယ်အတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ကာ လိဒ်က ပင်နယ်တီ အခွင့်အရေးရခဲ့ပေမယ့် ဘမ်းဖို့ဒ် လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲပြီးခါနီးမှာ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်နဲ့ ဘမ်းဖို့ဒ်တို့ ပြဿနာတက်ခဲ့ပြီး အနီကတ်နဲ့ အထုတ်ခံခဲ့ရပေမယ့် VAR ကြောင့် သက်သာရာ ရခဲ့ပါတယ်။ လိဒ်နဲ့ပွဲမှာ အာဆင်နယ် ဂိုးသမား ရမ်စ်ဒေးလ်တစ်ယောက် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ အာတီတာက အင်္ဂလန်သားရဲ့လက်စွမ်းကို ချီးကျူးပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ပွဲအတွင်း ဖရိုဖရဲအခြေအနေတွေအများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုနဲ့ရှေ့ဆက်နိုင်ခဲ့ပါတယ်။ ဖိအားတွေအများကြီး ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးအပျက်များခဲ့သလို အန္တရာယ်များတဲ့အခြေအနေတွေပေးခဲ့မိပါတယ်။ ကံကောင်းခဲ့တာတွေလည်းရှိခဲ့ပြီး ရမ်စ်ဒဲလ်ကလည်း လက်စွမ်းပြနိုင်ခဲ့ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
“အဲ့တာက ခက်ခဲခဲ့တာလားမသိပေမယ့် ကျွန်တော့်အပေါ်အများကြီး သက်ရောက်စေခဲ့ပါတယ်။ နေမကောင်းသလို ခံစားနေရဆဲပါ။ ဒီနေ့ဒီပွဲမှာ ပါဝင်နိုင်ဖို့ ကျွန်တော် ကျေးဇူးတင်မိပါတယ်။ ပြီးခဲ့တဲ့ပွဲတွေက ကျွန်တော့်ကိုယ်ကျွန်တော် ဝေဖန်မိပါတယ်။ ဒါပေမယ့် ဒီနေ့အသင်းကို ကူညီနိုင်ခဲ့သလို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် တကယ်ကောင်းခဲ့ပါတယ်”လို့ ရမ်စ်ဒေးလ်က ပြောကြားခဲ့ပါတယ်။