ရှေ့သို့
Image

တိုမိုရီကို အထုတ်ပယ်မခံရသင့်ဘူးလို့ ပြောလိုက်တဲ့ မေဆင်မောင့်

3:57 PM, 14 October

ချန်ပီယံလိဂ်ပွဲစဉ် အေစီမီလန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီး ကစားသမား မေဆင်မောင့်က အသင်းဖော်ဟောင်း ဖြစ်တဲ့ တိုမိုရီကို ထိုပွဲစဉ်မှာ ထုတ်ပယ်မခံရသင့်ဘူးလို့ ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့ညက ပွဲစဉ်မှာ တိုမိုရီဟာ ဂိုးဧရိယာထဲမှာ မေဆင်မောင့်ကို ပုခုံးနဲ့ တိုက်ကာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ပွဲချိန် ၁၈ မိနစ်မှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီး ပင်နယ်တီ ပြစ်ဒဏ်ပါ သတ်မှတ်ပေးခြင်း ခံခဲ့ရပါတယ်။ ထိုပင်နယ်တီကို ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းပြီး ချဲလ်ဆီးအသင်းအတွက် ဒုတိယဂိုးကို အူဘာမီယန်က သွင်းယူပေးခဲ့ကာ အဝေးကွင်း ဆန်စီယိုမှာ လန်ဒန်သားတို့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ထိုတိုမိုရီရဲ့ ဖြစ်ရပ်အတွက် ကစားသမားအများစုနဲ့ နည်းပြ စတီဖာနို ပီအိုလီကတော့ ပင်နယ်တီ သတ်မှတ်ချက်ဆိုတာကို လက်ခံနိုင်ပေမယ့် အနီကတ်ပြထုတ်ပယ်လိုက်တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို လွန်တယ်လို့ ယူဆနေပါတယ်။ မောင့်ကလည်း ချဲလ်ဆီး အကယ်ဒမီ ကစားသမားဘဝမှာ သူငယ်ချင်းတွေဖြစ်ခဲ့တဲ့ တိုမိုရီကို ထိုပွဲမှာ ထုတ်ပယ်မခံရသင့်ဘူးလို့ အသင်းရဲ့ ဝက်ဆိုက်မှာ ပြောကြားလိုက်ပါတယ်။

"သူဟာ ကျွန်တော့် သူငယ်ချင်းပါ ကျွန်တော်နဲ့ တိုမိုရီနဲ့က သိတာကြာနေပါပြီ။ ဒီအခြေအနေမှာ သူ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သူအထုတ်ခံသင့်တယ်လို့ မထင်ပါဘူး။ ပင်နယ်တီဆိုတာလောက်ပဲ ဖြစ်သင့်ပါတယ်" "သူနောက်ကနေ ဆွဲနေတာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်က ဘောလုံးကို ဂိုးကန်သွင်းမလို ဆွဲနေတာပါ။ ကျွန်တော်မှာ ကန်နိုင်မယ့် အခွင့်အရေးရှိတယ်လို့ ထင်နေပြီး ကျွန်တော်လဲ လဲကျမသွားပါဘူး" "ကျွန်တော် ရိုးရိုးသားသားပြောတာပါ။ ကျွန်တော်က ဂိုးသွင်းမလို့ သူကနောက်ကနဲနဲ ဆွဲထားပါတယ်။ ဒါပေမယ့် အခုလို အနီကတ်ပြ ထုတ်ပယ်ခံရတာကတော့ သူ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်" "ကျွန်တော်က ဆက်ဆွဲသွားပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒိုင်လူကြီးက ဝီစီကို မှုတ်လိုက်ပြီး ပင်နယ်တီ ပေးလိုက်ပါတယ်။ ကျွန်တော် အံ့ဩသွားတာက ကျွန်တော်က ဆက်ဆွဲပြီး ကန်သွင်းလို့ ရနိုင်သေးလို့ပါ"လို့ မေဆင်မောင့်က ဆိုပါတယ်။

မောင့်ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ချဲလ်ဆီးရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဒီရာသီမှာ အသင်းအတွက် ပုံစံကောင်းရဖို့ ရုန်းကန်နေရပါတယ်။ သို့သော် နည်းပြသစ် ပေါ်တာလက်ထက်မှာ ၂၃ နှစ်အရွယ် မောင့်ဟာ ပုံစံကောင်း ပြန်ရလာနိုင်ချေရှိပါတယ်။ ကွင်းလယ်တိုက်စစ်ကစားတဲ့ သူဟာ နည်းပြသစ်လက်အောက်မှာ ၅ ပွဲ ကစားပြီး ၅ ကြိမ်ဂိုးဖန်တီးပေးထားပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၄ ရပ်တည်နေပြီး ချန်ပီယံလိဂ် အုပ်စုမှာ အဆင့် ၁ ရပ်တည်နေပါတယ်။ မောင့်ဟာ သူနဲ့ အတူတူ ရင်းနှီးခဲ့တဲ့ တိုမိုရီအတွက်စိတ်မကောင်းဖြစ်နေခဲ့တာပါ။ နောက်တန်းကစားသမား တိုမိုရီဟာ ချဲလ်ဆီးအသင်းကနေ ၂၀၂၁ ခုနှစ်မှာ အေစီမီလန်အသင်းထံ ပြောင်းရွေ့သွားခဲ့တာပါ။

"ကျွန်တော်တို့အတွက် ကြီးမားတဲ့ နိုင်ပွဲတစ်ပွဲပါ။ကျွန်တော်တို့ တကယ် နိုင်ချင်ခဲ့ပြီးပွဲဟာ တကယ်လဲ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုမိုရီအတွက်တော့ စိတ်မကောင်းပါဘူး။ သူထုတ်ခံရတာ တွေ့ရတာ ခက်ခဲပါတယ်။ အသင်းကောင်း ၂ သင်း ကစားရတဲ့ ပွဲစဉ်မှာ ၁၁ ယောက်ချင်းစီ ကစားချင်ပါတယ်။ ဒီအနီကတ်ကြောင့် ပွဲကို အနည်းငယ် အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

တိုမိုရီ #ချဲလ်ဆီး #မေဆင်မောင့် #အေစီမီလန် #ချန်ပီယံလိဂ်