ရှေ့သို့
Image

ယူရိုပါလိဂ် ပွဲစဉ် မတိုင်မီ အသင်းရဲ့ လေ့ကျင့်ရေးကို မပါဝင်ခဲ့တဲ့ ဂျီးဆပ်

12:31 PM, 13 October

ကြာသပတေးနေ့မှာ ကစားရမယ့် ယူရိုပါလိဂ် ပွဲစဉ် ဘိုဒိုဂလင့်နဲ့ ပွဲအတွက် အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကို အသင်းရဲ့ တိုက်စစ် ကစားသမား ဂါဘရီရယ် ဂျီးဆပ်က လွဲချော်ခဲ့ပါတယ်။

ထိုဘရာဇီးသားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးနောက်တန်း ကစားသမား တက်စ်မီးကတ် တံတောင်နဲ့ ထိခိုက်မိခဲ့ပြီး ခေါင်းမှာ ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ပွဲချိန် မိနစ် ၉၀ အထိ ကစားခဲ့ပြီး အန်ကီးတီးယားနဲ့ နာကျင်ချိန်ပိုမှာ လူစားခဲ့ပါတယ်။

စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ဂျေးဆပ်ဟာ ကြီးမားတဲ့ ထိခိုက်မှု မရှိတာကြောင့် နော်ဝေကို သွားရောက် ကစားရမယ့် ပွဲအတွက် ပါဝင်ကစားနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါပေမယ့် သူဟာ ဗုဒ္ဓဟူးနေ့က အသင်းရဲ့ လေ့ကျင့်ရေးကိုတော့ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် အစီရင်ခံစာတွေအရတော့ အာဆင်နယ်အသင်းက ကစားသမားကို အနားပေးခဲ့တာလို့ သိရပါတယ်။ ဂျီးဆပ်ဟာ မြောက်လန်ဒန်ကို ပြောင်းရွေ့လာပြီးနောက် အသင်းမှာ ကောင်းကောင်း ကစားထားနိုင်ကာ အသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။

တနင်္ဂနွေနေ့ နိုင်ပွဲ အပြီးမှာ ကစားသမားရဲ့ ခေါင်းဒဏ်ရာနဲ့ ပတ်သက်လို့ နည်းပြ အာတီတာကို မေးမြန်းခဲ့ရာမှာတော့"ကျွန်တော် မသိသေးပါဘူး။ ဆရာဝန်နဲ့ မတွေ့ရသေးဘူး။ သူတို့ သူ့ကို သေချာစစ်ဆေးမှာ သေချာပါတယ်။ ပွဲပြီးတော့လည်း သူ့ကြည့်ရတာ အဆင်ပြေပုံပါပဲ။ ဘယ်လိုဖြစ်ပျက်သွားခဲ့တယ်ဆိုတာ သေချာမမြင်ခဲ့ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို အကဲ ဖြတ်သွားမှာပါ"လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။

လီဗာပူးအသင်းကို နိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၉ ပွဲ ကစားပြီး ၈ ပွဲ အနိုင်ရရှိကာ ဇယားအဆင့် ၁ မှာ ရပ်တည်နေပါတယ်။ ထိုအထဲက ရှုံးပွဲတစ်ပွဲကတော့ ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့တာပါ။ လာမယ့် တပတ်ပိတ်ရက်မှာတော့ အာဆင်နယ်အသင်းဟာ လိဒ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။

"အခုအချိန်မှာတော့ ကျွန်တော်တို့ ရောက်နေတဲ့ နေရာနဲ့ ပတ်သက်လို့ ကျေနပ်မှု ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီအဆင့်မှာ ကစားနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်လည်း ရှိပါတယ်။ ကျွန်တော်တို့ ဟန်ချက်ညီညီနဲ့ သတ္တိရှိရှိနဲ့ ဒုတိယပိုင်းကို ကစားနိုင်ခဲ့ပါတယ်"လို့ အာတီတာက ဆိုပါတယ်။

"ဒီနေ့မှာ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် ပွဲမှာ နိုင်ဖို့ ဆိုတာက ထိန်းချုပ်ရတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ပြီးတော့ ကွင်းထဲမှာလည်း တကယ် အလုပ်လုပ်နိုင်ဖို့လိုပါတယ်။ ဒါက မတူညီတဲ့ အခြေအနေပါ"လို့ ပြောခဲ့ပါတယ်။

ဇင်ချန်ကိုကလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အသင်းနဲ့ လေ့ကျင့်ရေးမှာ မပါဝင်နိုင်ခဲ့ပါဘူး။

#အာဆင်နယ် #ယူရိုပါလိဂ် #ဂျီးဆပ် #ဘိုဒိုဂလင့်