ရှေ့သို့
Image

ဘရုဂျက်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပွဲကစားချိန်မရခဲ့လို့ ပေါက်ကွဲခဲ့တဲ့ ဂျာအိုဖီးလစ်

10:27 AM, 13 October

မနေ့ညပိုင်း၊ ဘရုဂျက်နဲ့ သရေကျခဲ့တဲ့ အိမ်ကွင်းချန်ပီယံလိဂ်ပွဲစဉ်အတွင်း ပွဲကစားချိန်မရရှိလို့ အပြင်းအထန်ပေါက်ကွဲခဲ့တဲ့ ဂျာအိုဖီးလစ်က အက်သလက်တီကိုမက်ဒရစ်မှ ထွက်ခွာချိန်တန်ပြီလို့ ရေးသားထားတဲ့ Twitter ပို့စ်ကိုလည်း Like လုပ်ခဲ့ပါတယ်။

လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်မှလွတ်မြောက်ရေးရုန်းကန်နေရတဲ့ အက်သလက်တီကိုမက်ဒရစ်က မက်ထရိုပိုလီတာနိုကွင်းကြီးမှာ တစ်ယောက်လျော့ဘရုဂျက်ကို အနိုင်ရရှိဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အက်သလက်တီကိုဟာ ပွဲချိန်အများစုကို ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူထိန်းချုပ်နိုင်ခဲ့ပေမယ့် ဘရုဂျက်ဂိုးသမားမစ်ဂနိုလက်ကို ကျော်ဖြတ်နိုင်မယ့်နည်းလမ်းကို ရှာဖွေနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒီသရေတစ်မှတ်ကပဲ ဘရုဂျက်အတွက် ချန်ပီယံလိဂ်၁၆-သင်းရှုံးထွက်အဆင့်ဆီ တက်ရောက်ခွင့်ရရှိစေခဲ့ပြီး အခြားတဖက်မှာတော့ အက်သလက်တီကိုမက်ဒရစ်ဟာ အုပ်စုအဆင့်လွန်မြောက်ရေးမျှော်လင့်ချက်အတွက် ပေါ်တို၊လေဗာကူဆင်တို့နဲ့ အကြိတ်အနယ်တိုက်ပွဲဝင်ရဖို့ ဖြစ်လာစေပါတယ်။ ဒီပွဲစဉ်အတွင်း အက်သလက်တီကိုမက်ဒရစ် သွင်းယူခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးကိုလည်း လူကျွံ့အနေအထားကြောင့် ပယ်ဖျက်ခဲ့သလို ဒုတိယပိုင်းပွဲချိန် ၈၂ မိနစ်မှာ ဘရုဂျက်ကွင်းလယ်လူ ကာမဲလ်ဆိုဝါကို နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့ပြီးနောက် ၁၀ယောက်ကျန် ဘယ်လ်ဂျီယံကလပ်ကို အိမ်ရှင်အသင်းအနေနဲ့ အနိုင်ရရှိအောင် မကစားနိုင်ခဲ့ပါဘူး။

၂၀၁၉ ခုနှစ်မှာ ဘင်ဖီကာမှ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၃ သန်းနဲ့ ရောက်ရှိလာတဲ့ ဂျာအိုဖီးလစ်က အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ နောက်ဆုံးလေးပွဲဆက် ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ ဘရုဂျက်နဲ့အိမ်ကွင်းပွဲစဉ် ပွဲချိန်နှောင်းပိုင်းမှာ ဂျာအိုဖီးလစ်က သွေးပူလေ့ကျင့်ခန်းဆင်းနေတာကို တွေ့ရှိရပြီးနောက် စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဟာ ဒီပွဲအတွက် အဓိကအခန်းကဏ္ဍမှာ ပါဝင်လာမလားဆိုပြီး မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမယ့် နည်းပြဆီမြွန်နီက အနိုင်ဂိုးရရှိဖို့ လိုအပ်နေတဲ့ သူ့ရဲ့အသင်းအတွက် နောက်ဆုံး လူစားလဲမှုအဖြစ် တိုက်စစ်မှူးဂရစ်ဇ်မန်းအစား ကွင်းလယ်ခံစစ်ကစားသမား ဝှစ်ဆဲလ်ကို ထည့်သွင်းခဲ့တာပါ။ ဒီဆုံးဖြတ်ချက်အပေါ် စိတ်ပျက်နေမှုကို ဂျာအိုဖီးလစ်အနေနဲ့ မဖုံးကွယ်နိုင်ဘဲ သူ့ရဲ့ ရှေ့ဖုံးခါးစည်းအင်္ကျီကို စက်ဆုပ်ဖွယ်လွှင့်ပစ်ခဲ့ပြီး အရန်ခုံတန်းမှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချခဲ့တာပါ။

ပွဲစဉ်အပြီး ဘင်ဖီကာ ပရိသတ်တစ်ဦးက Twitter လူမှုကွန်ရက်မှာ “အိမ်ကို ပြန်လာခဲ့ပါ၊ ဂျာအိုဖီးလစ်။ ဒီမှာဆို မင်းကို လေးစားတန်ဖိုးထားမှုတွေ ရှိပါတယ်”လို့ ရေးသားခဲ့တဲ့ ပို့စ်တစ်ခုကို ဂျာအိုဖီးလစ်က Like ပေးခဲ့ပါတယ်။ အခုဘောလုံးရာသီသစ်မှာ ဂျာအိုဖီးလစ်က အက်သလက်တီကိုမက်ဒရစ်အသင်း အတွက် ပါဝင်ကစားခွင့်ရဖို့ ရုန်းကန်နေရပြီး လက်ရှိအချိန်အထိ သွင်းဂိုးလည်း မရရှိသေးပါဘူး။

#အက်သလက်တီကို #ဘရုဂျက် #ဖီးလစ် #ချန်ပီယံလိဂ်