ရှေ့သို့
Image

ဒါလော့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာခဲ့တဲ့ ဂျူဗင်တပ်စ်

3:23 PM, 12 October

ဒီရာသီအကုန်မှာ အဲလက်စ်ဆန်ဒရိုနဲ့ ဂျူအန်ကွာဒရာဒိုတို့ရဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးတော့မှာဖြစ်လို့ ဂျူဗင်တပ်စ်ကနေ နှစ်ယောက်စလုံး အလွတ်နဲ့ထွက်ခွာဖွယ် ရှိပါတယ်။ ဒီကစားသမား နှစ်ယောက်ဟာ ၂၀၁၅ မှာ အိုးလ်လေဒီအသင်းကို စတင်ရောက်ရှိခဲ့ပြီး နှစ်ယောက်စလုံးက အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေ ဖြစ်လာခဲ့ပါတယ်။ 

ဒီကစားသမားနှစ်ယောက်ရဲ့ ထွက်ခွာမှုကနေ ဂျူဗင်တပ်စ်အနေနဲ့လည်း နောက်ခံအစွန်လူတွေနေရာကို လူငယ်ကစားသမားတွေနဲ့ အစားထိုးပြီး သွေးသစ်လောင်းဖို့ စီစဉ်ထားပါတယ်။ မကြာသေးမီကမှ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂျူဗင်တပ်စ်ဟာ မန်ချက်စတာယူနိုက်တက် ညာနောက်ခံလူ ဒီယိုဂိုဒါလော့ကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ 

၂၃ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ယူနိုက်တက်မှာ ခြေစွမ်းပြသလျက်ရှိပြီး ပုံမှန်ပွဲထွက်ခွင့် ရရှိနေတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒါလော့ရဲ့ ယူနိုက်တက်နဲ့စာချုပ်ဟာ ရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ် ကိစ္စကလည်း အခုချိန်ထိ ဘာသတင်းမှာ မထွက်လာသေးပါဘူး။ 

စပိန်ကလာတဲ့ သတင်းတွေအရတော့ တူရင်အခြေစိုက်ကလပ်ဟာ ပေါ်တူဂီသားကို စိတ်ဝင်စားနေတဲ့ အသင်းတွေဖြစ်တဲ့ ရိုးမားနဲ့ဘာစီလိုနာတို့နဲ့အပြိုင် ခေါ်ယူဖို့စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ ဒါလော့ဟာ ပေါ်တိုအကယ်ဒမီထွက်တစ်ယောက်ဖြစ်ပြီး ၂၀၁၈ မှာ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ၂၀၂၀-၂၁ ရာသီကလည်း အေစီမီလန်မှာ အငှားကစားခဲ့ပြီး စီးရီးအေအတွေ့အကြုံလည်း ရရှိထားသူ ဖြစ်ပါတယ်။ 

လက်ရှိဂျူဗီရဲ့ညာနောက်ခံလူနေရာမှာ ဒန်နီလိုက ဦးစားပေးကစားသမားအဖြစ် ရပ်တည်နေပေမယ့် ဘရာဇီးသားကလည်း အသက်အရွယ်ရလာပြီဖြစ်ပါတယ်။ ဒါပေမယ့် ပိုမိုငယ်ရွယ်ပြီး ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတစ်ယောက် မဖြစ်မနေ အစားထိုးဖို့ လိုအပ်လာခဲ့ပါတယ်။ ဒါလော့ကတော့ လက်ရှိရာသီမှာအကောင်းဆုံး ခြေစွမ်းပြနေပြီး ညာနောက်ခံလူနေရာမှာတင်မကပဲ တောင်ပံတိုက်စစ်ကစားသမား တစ်ယောက်လိုပါ ခြေစွမ်းတိုးတက်လာတာ တွေ့ရပါတယ်။ 

ဒါပေမယ့် စိတ်ဝင်စားနေတဲ့ အသင်းတွေ များပြားလျက်ရှိတဲ့အပြင် ယူနိုက်တက်ကလည်း တစ်နှစ်သက်တမ်းတိုးခွင့်အချက်ကို ထည့်သွင်းထားတာကြောင့် ဂျူဗင်တပ်စ်အနေနဲ့ ကစားသမားကို ခေါ်ယူနိုင်ဖို့ဆိုရင်တော့ ပြောင်းရွှေ့ကြေး အပြိုင်ပေးပြီး ကမ်းလှမ်းရဖို့များပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဂျူဗင်တပ်စ် #ဒီယေဂိုဒါလော့