ရှေ့သို့
Image

ချဲလ်ဆီးအသင်းနဲ့ ပြန်လည်အတွေ့မှာ အနီကဒ်ပြခံလိုက်ရတဲ့ အေစီမီလန်ကစားသမား တိုမိုရီ

11:00 AM, 12 October

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုဒုတိယအကျော့ပွဲစဉ်အဖြစ် အေစီမီလန်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားက ချဲလ်ဆီးအသင်း က ၀ - ၂ ဖြင့် အနိုင်ကစားခဲ့ပြီး ပွဲကစားချိန်အတွင်းမှာ ချဲလ်ဆီးအသင်းနဲ့အတူ ထိပ်တန်းခြေစွမ်းကောင်းတွေကို ဆက်တိုက်ပြသနိုင်ခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မေဆင်မောင့်ကို နောက်ကနေ ဆွဲခဲ့မိတာကြောင့် အေစီမီလန်အသင်း ရဲ့ အဓိကဗဟို နောက်တန်းကစားသမား တိုမိုရီ ဟာ ကွင်းလယ်ဒိုင်လူကြီး ဖြစ်သူရဲ့ အနီကဒ်ပြသခံလိုက်ရပြီးနောက် ကွင်းအတွင်းကနေ ထုတ်ပယ်ခြင်း ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

လန်ဒန်အခြေစိုက်ကလပ် ချဲလ်ဆီးအသင်း က ပြီးခဲ့တဲ့ သီတင်းပတ်မှာ အေစီမီလန်အသင်းကို သူတို့ရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ကွင်းအတွင်းမှာ ၃ - ၀ နဲ့ အနိုင်ကစားနိုင်ခဲ့သလို ယခုတစ်ပတ် အေစီမီလန်အသင်းရဲ့ အိမ်ကွင်း ဆန်စီရိုကွင်းအတွင်းမှာလည်း ၀ - ၂ နဲ့ ထပ်မံအနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ချဲလ်ဆီးအသင်းက အေစီမီလန်အသင်းကို ၀ - ၂ နဲ့အနိုင်ကစားနိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲကစားချိန် ၁၈မိနစ် အရောက်မှာ ပဲ စီးရီးအေ ချန်ပီယံအေစီမီလန်အသင်းရဲ့ အဓိကနောက်တန်းကစားသမား တိုမိုရီက အေစီမီလန်အသင်းရဲ့ ဂိုးဧရိယာအတွင်းမှာ ပြိုင်ဘက်ကစားသမား မေဆင်မောင့် ဘောလုံးဆွဲပြေးလာစဉ် နောက်ဘက်မှ လက်နဲ့ ဆွဲခဲ့သလို ဖြစ်သွားတာကြောင့် အနီကဒ်ပြသကာ ကွင်းအတွင်းမှာ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်သလို ပင်နယ်တီပါ သတ်မှတ်ပေးခံခဲ့ရတာကြောင့် အေစီမီလန်အသင်းအတွက်တော့ နစ်နာစေခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်အပေါ် ကွင်းလယ်ဒိုင်လူကြီးမှ VAR ကို ပြန်လည် စစ်ဆေးကြည့်ရှုခဲ့ပေမဲ့ မူလဆုံးဖြတ်ချက်ကို အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း မရှိဘဲ ချဲလ်ဆီးအသင်းကို ပင်နယ်တီ ပြစ်ဒဏ်ဘောဆက်လက် ပေးအပ်ခဲ့ကာ ကွင်းလယ်လူဂျော်ဂျင်ဟိုမှ အသာအယာ ကန် သွင်းယူခဲ့ကာ ချဲလ်ဆီးအသင်းအတွက်အဖွင့်ဂိုး ရယူပေးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စီးရီးအေချန်ပီယံအေစီမီလန်အသင်း ချဲလ်ဆီးအသင်းကို အရေးနိမ်ခဲ့ပြီးနောက် စီးရီးအေပွဲစဉ် (၁၀) အဖြစ် ဗီရီုနာအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားသွား ရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။ 


တိုမိုရီ #ချဲလ်ဆီး #အေစီမီလန် #ချန်ပီယံလိဂ်