ရှေ့သို့
Image

ချဲလ်ဆီးအသင်းကိုပထမအကျော့ရှုံးပွဲကို အိမ်ကွင်းမှာ ကောင်းကောင်းတုံ့ပြန်သွားမယ်လို့ ဆိုလိုက်တဲ့ ဖီကာရို တိုမိုရီ

3:25 PM, 11 October

‌အေစီမီလန် ကစားသမား တိုမိုရီကတော့ ချန်ပီယံလိဂ်ပွဲစဉ်မှာ  ချဲလ်ဆီးအသင်းကို ပထမအကျော့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ အတွက် အိမ်ကွင်း ဆန်စီယိုမှာ ချဲလ်ဆီးကို အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်သွားရမယ်လို့ ဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ အပတ်က ချဲလ်ဆီး အိမ်ကွင်း စတန်းဖို့ ဘရစ်ခ်ျမှာ အေစီမီလန်အသင်းဟာ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က လိဂ်ပွဲစဉ်မှာ အေစီမီလန်အသင်းဟာ ဂျူဗင်တပ်အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ထိုပွဲမှာ တိုမိုရီက အသင်းအတွက် သွင်းဂိုး တစ်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ကနေဒါမြေဖွား အင်္ဂလန်သား ချဲလ်ဆီး ကစားသ‌မားဟောင်းလဲ ဖြစ်တဲ့ တိုမိုရီကတော့ အေစီမီလန်အသင်း‌အနေနဲ့ ပထမအကျော့ ရှုံးပွဲက ဒေါသကို အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာ အကောင်းဆုံး တုံ့ပြန်သွားဖို့ ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ 

"ချဲလ်ဆီး အသင်းကို ပထမအကျော့ရှုံးပွဲက ကျွန်တော် အရမ်းကို ဒေါသထွက်ရပါတယ်။ အဲ့ဒါ ကျွန်တော့် ခံစားချက်ပါ။ "

"ဂျူဗင်တပ်နဲ့ ပွဲမှာ ကျွန်တော် သွင်းဂိုးသွင်းယူနိုင်ခဲ့တဲ့ အတွက် အရမ်းပျော်ရွှင်ရပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ရှုံးပွဲကို ကျွန်တော် စိတ်ထဲမှာ လုံးဝ မကျေနပ်နိုင်ပါဘူး။ အဲ့ဒါကို ကျွန်တော်တို့ ရှင်းထုတ်ပစ်ရပါမယ်။ အဲ့လိုရှင်းထုတ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကလည်း သွင်းဂိုး သွင်းယူတာပါပဲ။ ချဲလ်ဆီးကို ရင်ဆိုင်ခဲ့တဲ့ ပွဲတုန်းကတော့ ကျွန်တော်တို့ အေစီမီလန်အသင်းဟာ ကျွန်တော်တို့ ကစားနေကျ ပုံစံမျိုးအတိုင်းကို မကစားနိုင်ခဲ့ပါဘူး။ "

"အထူးသဖြင့် ချန်ပီယံလိဂ်ပွဲစဉ်ကိုမှ ချဲလ်ဆီး လိုအသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့ ရဲ့ ပုံစံကောင်းကို ပြသချင်သလို မပြသနိုင်ခဲ့တဲ့ အတွက် တကယ်ပဲ စိတ်ပျက်ရပါတယ်။ အဲ့ဒါက မီလန်ရဲ့ ပုံစံမဟုတ်သလို ကျွန်တော့်ရဲ့ ပုံစံလဲ မဟုတ်ပါဘူး။ ဒါပေမယ့် ဂျူဗင်တပ်ကို ရင်ဆိုင်ရတဲ့ ပွဲကို အနိုင်ရခဲ့လို့ ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ မှာ ရရှိခဲ့တဲ့ အခွင့်အရေးကို စွမ်းဆောင်ရည် ကောင်းကောင်း ပြသနိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ "

"အခုလာမယ့် ရက်မှာ အိမ်ကွင်း ပရိတ်သတ်တွေ ရှေ့မှာ ချဲလ်ဆီး အသင်းနဲ့ ပြန်လည်ရင်ဆိုင်ပြီး အကောင်းဆုံး ပုံစံပြသနိုင်ဖို့ အခွင့်အရေး ရထားပါတယ်။ ရလဒ်ကောင်းရဖို့ မျှော်လင့်ပါတယ်။ "

လို့ တိုမိုရီက ဆိုပါတယ်။ 

အေစီမီလန်ကို နိုင်ခဲ့တဲ့ ပွဲဟာ ချဲလ်ဆီးအသင်းအတွက် ဒီရာသီချန်ပီယံလိဂ်မှာ ပထမဆုံးနိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ နည်းပြသစ် ဂရေဟမ်ပေါ်တာ ကတော့ အသင်းကို အကောင်းဆုံး အခြေအနေမြန်မြန်ရောက်ရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ ဒါပေမယ့် တိုမိုရီကတော့ အေစီအသင်းဟာ အိမ်ကွင်းပရိတ်သတ်တွေ ရှေ့မှာ ဘယ်လောက်သန်မာကြောင်း ပြသနိုင်မယ်ဆိုတာကို ယုံကြည်နေပါတယ်။ ထို့အတူ အသင်းဟောင်းနဲ့ ရင်ဆိုင်ဖို့ အတွက် ပုံစံကောင်း ပြသနိုင်ဖို့ အရေးကြီးသလားဆိုတဲ့ မေးခွန်းကိုတော့ တိုမိုရီက 

"အင်း သေချာပါတယ်။ ကျွန်တော်ကတော့ ပွဲတိုင်း အကောင်းဆုံး ပေးဆပ် ကစားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ အကောင်းဆုံးမကစားပေးနိုင်ခဲ့တဲ့ အတွက် စိတ်ပျက်ခဲ့ရပါတယ်။ ဘောလုံးမှာက ပြန်လည် ပြင်ဆင်ပြသနိုင်ဖို့ အခွင့် အရေးရတယ်ဆိုတာ ရှားပါးပါတယ်။ ဒါပေမယ့် ကျွန်တော့်တို့က အသင်းပါ။ ကျွန်တော်တကိုယ်ရည်အရလည်း နောက်ထပ် အခွင့်အရေးရတယ်လို့ ယူဆပါတယ်။ "

"ဒါကြောင့် ကျွန်တော်တို့ဟာ အရင်ပွဲစဉ်ကထက်ပိုကောင်းတဲ့ အသင်းဖြစ်တယ်ဆိုတာ ပြသဖို့ အခွင့်အရေးပါပဲ။ ကျွန်တော့်အတွက်လဲ အတူတူပါပဲ။ အသင်းရဲ့ ပရိတ်သတ်တွေရှေ့မှောက်မှာ အစွမ်းကုန်ကြိုးစားပြဖို့ တွန်းအားလည်း ရှိပါတယ်။"

လို့ တိုမိုရီက ဆိုပါတယ်။ 

အေစီမီလန် နည်းပြ စတီဖာနို ပီအိုလီက တိုမိုရီရဲ့ ပြောစကားလိုမျိုးပဲ သူ့ရဲ့ ကစားသမားတွေကို စတန်းဖို့ဘရစ်ခ်ျက ခြေစွမ်းမျိုး ထပ်မဖြစ်ရလေအောင် စိန်ခေါ်လိုက်ပါတယ်။ 

"ဒါက ဖြစ်ရပ်တစ်ခုပါ။ ဒါပေမယ့် ဒါက ချန်ရစ်ထားခဲ့ရမယ့် ဖြစ်ရပ်ပါ။ ကျွန်တော်တို့ရဲ့ ပုံမှန်ခြေစွမ်းလိုမျိုး ဖြစ်လို့ မရပါဘူး။ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါလျက်နဲ့ မကစားနိုင်ခဲ့တဲ့ အတွက် စိတ်ပျက်ရပါတယ်။ တိုမိုရီပြောသလိုပဲ ကျွန်တော်တို့ အဲ့ဒီကနေ သင်ခန်းစာ ယူရပါမယ်။ အမှားတွေကို ပြန်ကြည့်ပြီး ထပ်မဖြစ်အောင် ပြုပြင်သွားရပါမယ်။ "

လို့ ပီအိုလီကလည်း ပြောခဲ့ပါတယ်။ 


တိုမိုရီ #ချဲလ်ဆီး #အေစီမီလန်