ရှေ့သို့
Image

မန်စီးတီးအသင်းဟာ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ ဗစ်တာ ကလယ်ဆင်

2:15 PM, 11 October

ကိုပင်ဟေဂင် အသင်းခေါင်းဆောင် ဗစ်တာ ကလယ်ဆင်က သူ့အနေနဲ့ မန်စီးတီး တိုက်စစ်မှူး အာလင်ဟာလန်းဟာ သူရင်ဆိုင်ရတာ အခက်ခဲဆုံး  ကစားသမားဖြစ်တယ်လို့ ဝန်ခံ ပြောကြားလိုက်ပြီး မန်စီးတီးဟာ ကမ္ဘာ့အကောင်းဆုံး ကလပ် အသင်း ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ 

ဆွီဒင်သား ကလယ်ဆင်ရဲ့ ကိုပင်ဟေဂင်အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်စီးတီး အသင်းကို အဝေးကွင်း လာရောက် ကစားခဲ့ရပြီး မန်စီးတီးအသင်းကို ခြေစွမ်းအကွာနဲ့ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ကိုပင်ဟေဂင်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲ ရှုံးနိမ့်ထားပြီး တစ်ပွဲ သရေ ရလဒ်နဲ့ ရမှတ် ၁ မှတ်သာ ရရှိထားသေးတာပါ။ သူတို့ အုပ်စု G ရဲ့ အုပ်စု ဒုတိယအကျော့ ပွဲစဉ်အဖြစ် ယခု အင်္ဂါနေ့မှာ မန်စီးတီး အသင်းဟာ ကိုပင်ဟေဂင်အသင်းထံ အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။ 

၁၆ သင်းအဆင့် တက်ဖို့ အတွက် ပြတ်သားတဲ့ အဖြေတစ်ခု မရရှိထားသေးသော်လည်း မန်စီးတီး အသင်းကတော့ အသင်းကို အပြောင်းအလဲ ပြုလုပ်ကာ ရင်ဆိုင်သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် ကလယ်ဆင်ကတော့ အခြေအနေဟာ ဘယ်လိုပဲဖြစ်ဖြစ် မန်စီးတီးအသင်းဟာ ရင်ဆိုင်ရတာ လွယ်ကူမယ့် အသင်းမဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။ 

တိုက်စစ်မှူး ဟာလန်းကတော့ ယခုရာသီမှာ မန်စီးတီးကိုပြောင်းရွေ့လာခဲ့ပြီး ပြိုင်ပွဲစုံ ၁၃ ပွဲ အသင်းအတွက် ပါဝင်ကစားပေးထားပြီး သွင်းဂိုး ၂၀ အထိ သွင်း‌ယူပေးထားနိုင်ခဲ့ကာ ကိုပင်ဟေဂင်အသင်းကို ပထမအကျော့မှာ သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့သူပါ။ 

"သူတို့ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းပါ။ ကျွန်တော် ရင်ဆိုင်ဖူးသမျှ ကလပ်အသင်းတွေထဲမှာလည်း အကောင်းဆုံး အသင်းပါ။ "

လို့ ကလယ်ဆင်က ဆိုပါတယ်။ ကလယ်ဆင်ဟာ ပြီးခဲ့တဲ့ အပတ်က အသင်းဖော် ကားလို့ဇီကာ ဒူးဒဏ်ရာ ရခဲ့တဲ့အတွက် အသင်းခေါင်းဆောင်အဖြစ် အသင်းကို တာဝန်ယူခဲ့ပါတယ်။ 

"မန်စီးတီးအသင်းကို ချန်ပီယံလိဂ် ရဖို့အတွက် အကြိုက်ဆုံး အသင်းပါပဲ။ သူတို့ဟာ ပြီးခဲ့တဲ့ ရာသီအတော်ကြာကြာ ကထဲက အကောင်းဆုံး ခြေစွမ်းရှိခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံး ဆုဖလား ရမယ့် အပိုင်းကိုပဲ အောင်မြင်အောင် မလုပ်ထားနိုင်သေးတာပါ။ "

"အခုရာသီမှာ သူတို့ အရမ်းကောင်းတဲ့ တိုက်စစ်ကစားသမားလည်း ရှိထားပါတယ်။ အရင်က သူတို့မှာ ဘောလုံးပေးပို့တာ ၊ အမှားအယွင်းကင်းကင်း ကစားနိုင်တဲ့ ကစားသမားကောင်းတွေ အများကြီးရှိခဲ့ပါတယ်။ အခုကတော့ ဂိုးဧရိယာထဲမှာဆိုရင် သားရဲကောင်လို ဂိုးသွင်းနိုင်တဲ့ ကစားသမားကိုပါ ပိုင်ဆိုင်ထားပါပြီ။ ဘောလုံးက ဂိုးဧရိယာထဲကို ဘယ်လိုပုံစံနဲ့ ရောက်လာ ရောက်လာ သူက ဂိုးသွင်းပြထားပါတယ်။ "

လို့ ကလယ်ဆင်ကဆိုပါတယ်။ ကိုပင်ဟေဂင်အသင်းဟာ အုပ်စုပွဲစဉ် ၃ ပွဲကစားထားပြီး ရမှတ် ၁ မှတ်သာ ရရှိထားကာ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပြီး မန်စီးတီးက ၉ မှတ် ဒေါ့မွန်အသင်းက ၆ မှတ် အသီးသီး ရရှိထားတာကြောင့် ချန်ပီယံလိဂ် အုပ်စုတက်ဖို့ မဖြစ်‌နိုင်တော့ပါဘူး။ သူတို့အတွက် အခွင့်အရေးတစ်ခုအနေနဲ့ ဆီဗီလာအသင်းကို အနိုင်ရရှိမယ်ဆိုရင်တော့ အုပ်စု တတိယနေရာနဲ့ ယူရိုပါလိဂ်ကို ဆင်းကစားခွင့် အခွင့်အရေး ရရှိနိုင်အောင် ကြိုးစားဖို့ပဲ ရှိနေပါတယ်။ 

"ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ အပတ်က မန်စီးတီးနဲ့ ရင်ဆိုင်ရာမှာ ရမှတ်ရခဲ့မယ်ဆိုရင် အဲ့ဒါက ကျွန်တော်တို့အတွက် အပိုဆုတစ်ခု ဖြစ်မယ်ဆိုတာ သိပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့သလို အဲ့ဒီ အရှူံးကနေ သင်ခန်းစာယူပြီး အင်္ဂါနေ့မှာ ပိုကောင်းအောင် ပြင်ဆင်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ "

လို့ ကလယ်ဆင်က ပြောခဲ့ပါတယ်။ 


#မန်စီးတီး #ချန်ပီယံလိဂ် #ကိုပင်ဟေဂင်