ရှေ့သို့
Image

ဇန်နဝါရီအပြောင်းအရွှေ့မှာ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူဖို့ရှိတဲ့ အာဆင်နယ်

5:19 PM, 8 October

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်ပိုင်းမှာ အင်အားဖြည့်ဖို့ ကြိုးစားမှုအဖြစ် လက်စတာက ယူရီတိုင်လေမန်းနဲ့ အပြောင်းအရွှေ့ပိတ်ဖို့ ၃ ရက်အလိုမှာ အက်စတွန်ဗီလာက ဒေါက်ကလပ်လူးဝစ်ဇ်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ မြောက်လန်ဒန်ကလပ်ဟာ နွေရာသီတုန်းက မခေါ်နိုင်ခဲ့တဲ့ ကွင်းလယ်ပိုင်းကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း ပြင်ဆင်လာဖို့ရှိပါတယ်။ 

ဒါပေမယ့် လက်ရှိအချိန်မှာတော့ အာဆင်နယ်အတွက် အခြေအနေကောင်းနေတဲ့ အပြောင်းအရွှေ့မျိုးတော့ မရှိသေးဘူးလို့ နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက “ အားလုံးသိကြတဲ့အတိုင်း အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ ဒေါက်ကလပ်လူးဝစ်ဇ်ကို အာဆင်နယ်ကခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြောခဲ့ပါဘူး။ ပါးလ်မီးရက်စ်အသင်းက လူငယ်ပါရမီရှင်ကစားသမား ဒန်နီလိုကလည်း အာဆင်နယ်အသင်း နွေရာသီကတည်းက စောင့်ကြည့်ခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။  ဒါပေမယ့် အပြီးသတ်အပြောင်းအရွှေ့ ဖြစ်မြောက်တဲ့ထိတော့ မဖြစ်ခဲ့ပါဘူး။ ၂၁ နှစ်သားအတွက် ပါးလ်မီးရက်စ်က ပေါင်သန်း ၃၀ ထိတောင်းခဲ့လို့ပါ။ 

ဒေါက်ကလပ်လူးဝစ်ဇ်အတွက်တော့ ကစားသမားကိုယ်တိုင်က အက်စတွန်ဗီလာမှာ ဆက်နေဖို့ရွေးချယ်ခဲ့ပေမယ့် ဇန်နဝါရီအတွက်တော့ ဘာမှမဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။ ကွင်းလယ်တစ်ယောက် သို့မဟုတ် တောင်ပံတစ်ယောက်ကတော့ အာဆင်နယ်ရဲ့ ဦးစားပေးပစ်မှတ်ပါ ဒါပေမယ့် ခေါ်လို့ရမယ့်သူကိုပဲ ခေါ်ပါလိမ့်မယ် ” လို့ ပြောခဲ့ပါတယ်။ ဂရန်းနစ်ဇာခါရဲ့ တစ်ဖန်ပြန်ခြေစွမ်းပြမှုက လက်ရှိအာဆင်နယ်အသင်းကို အခြေအနေ ကောင်းနေစေပေမယ့် ကွင်းလယ်ပိုင်းကတော့ အားနည်းနေဆဲပဲ ဖြစ်ပါတယ်။ 

သောမတ်စ်ပါတေးသာ ဒဏ်ရာကင်းစင်ပြီး ခြေစွမ်းပြနေနိုင်သရွေ့ အာဆင်နယ်ကွင်းလယ်က အလုပ်ဖြစ်နေပေမယ့် မကြာခဏဒဏ်ရာရတတ်တာကြောင့် ကွင်းလယ်ပိုင်းက အင်အားဖြည့်ဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။ လက်ရှိပါတေးရဲ့ အရန်ဖြစ်တဲ့ မိုဟာမက်အယ်နီနီကလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပါတေးသာ ဒဏ်ရာထပ်ရရင် အစားထိုးဖို့ ကစားသမားမရှိဖြစ်နေပါတယ်။ အဲလ်ဘတ်ဆမ်ဘီလိုကွန်ညာကလည်း အလားအလာကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် လက်ရှိအချိန်ထိ စိတ်ချလို့ရတဲ့ အခြေအနေ မရောက်သေးပါဘူး။

မာတင်အိုဒီဂတ်နဲ့ ဖေဘီယိုဗီအဲရာတို့ကို နေရာပြောင်းကစားခိုင်းလို့ရပေမယ့် ကစားသမားတွေကို ခြေစွမ်းကျဆင်းသွားစေနိုင်သလို နှစ်ယောက်စလုံးကလည်း ခံစစ်အားနည်းကြတဲ့ ကစားသမားတွေဖြစ်ပါတယ်။ အဲ့ဒါကြောင့် အာဆင်နယ်အနေနဲ့ လာမယ့်ဇန်နဝါရီမှာတော့ ကွင်းလယ်ကစားသမားသစ်တစ်ဦး ခေါ်ယူဖို့ဦးစားပေး ပစ်မှတ်ထားဖွယ်ရှိပါတယ်။ 

#အာဆင်နယ် #ပါတေး #ဖာဘရီဇီယို