ရှေ့သို့
Image

ယူနိုက်တက်နောက်ခံလူကို ၂၀၂၃ အတွက် ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ ဘာစီလိုနာ

4:19 PM, 8 October

ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဒီယိုဂိုဒါလော့ကို လာမယ့် ၂၀၂၃ နွေရာသီမှာ ညာနောက်ခံလူနေရာအတွက် ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြသွားခဲ့ပါတယ်။ ပေါ်တူဂီသားဟာ ယူနိုက်တက်ကို ၂၀၁၈ ကတည်းက ပေါ်တိုကနေ နည်းပြဟောင်းဂျိုဆေးမော်ရင်ဟို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 


ဒါပေမယ့်လည်း ထိုအချိန်က ဆယ်ကျော်သက်ကစားသမားလေးတစ်ဦးဖြစ်တဲ့ ဒါလော့အတွက် အခြေအနေတွေက ထင်ထားသလိုမဖြစ်ခဲ့ပဲ နည်းပြမော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် နည်းပြအိုလီဂန်နာဆိုးလ်ရှားအကြိုက် ကစားသမားတစ်ယောက်တော့ မဖြစ်ခဲ့ပါဘူး။ အာရွန်ဝမ်ဘစ်ဆာကာရဲ့ အရန်ဖြစ်ခဲ့ပြီးနောက် ၂၀၂၀-၂၁ ရာသီမှာတော့ အေစီမီလန်ကို အငှားထွက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ 


နည်းပြဆိုးလ်ရှားထုတ်ပယ်ခံရပြီး ယာယီနည်းပြအဖြစ် ရာ့ဖ်ရန်နစ်ရောက်ရှိလာချိန်မှာတော့ ၂၃ နှစ်သားကို အဓိကညာနောက်ခံလူအဖြစ် သတ်မှတ်ခဲ့ပြီး လက်ရှိနည်းပြသစ် အဲရစ်တန်ဟတ်လက်ထက်မှာလည်း ခြေစွမ်းပြကစားလျက်ရှိပါတယ်။ ဒါလော့ဟာ ဒီရာသီမှာလည်း ယူနိုက်တက်အတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နိုင်ငံပွဲစဉ်တွေ အတွင်းမှာလည်း ပေါ်တူဂီအသင်းအတွက် အထူးခြေစွမ်းပြခဲ့ပါသေးတယ်။ လက်ရှိဒါလော့ရဲ့ခြေစွမ်းတွေကြောင့် ဘာစီလိုနာကစိတ်ဝင်စားလာခဲ့ပြီး လာမယ့်နွေရာသီမှာ ဒါလော့ကို ညာနောက်ခံလူနေရာအတွက် အဓိကပစ်မှတ်အဖြစ် သတ်မှတ်လာခဲ့ပါတယ်။ 


ကတ္တာလန်ကလပ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာကတည်းက ပေါ်တူဂီသားကို ချိတ်ဆက်ခဲ့တာဖြစ်ပေမယ့် ဘာမှဆက်မဖြစ်ခဲ့ပါဘူး။ အဆုံးသတ်မှာတော့ ဟတ်တာဘယ်လာရင်ကိုပဲ ခေါ်ယူခဲ့ရပေမယ့် အာဆင်နယ်ကစားသမားဟောင်းရဲ့ စာချုပ်ကလည်း လာမယ့်နှစ်ဆိုရင် ဆာဂျီရော်ဘတ်တိုနည်းတူ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ညာနောက်ခံလူသစ်တစ်ဦးက နည်းပြဇာဗီဟာနန်ဒက်ဇ်အတွက် မဖြစ်မနေလိုအပ်နေပါတယ်။ ဒါလော့ကအခုဆိုရင် ဘာကာရဲ့ပစ်မှတ်တွေထဲကမှ ဦးစားပေးပစ်မှတ်လည်း ဖြစ်လာပါတယ်။ 


ဘာစီလိုနာဟာ ဒါလော့က ဖြစ်မြောက်နိုင်ခြေများတဲ့ အပြောင်းအရွှေ့တစ်ခုလို သတ်မှတ်ထားတာကြောင့် စာချုပ်ကိစ္စတွေကိုပါ ကြိုတင်ပြင်ဆင်ထားကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါလော့ရဲ့မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကလည်း လာမယ့်နှစ်ထဲမှာ သက်တမ်းကုန်မှာဖြစ်လို့ ဘာကာအတွက် ဖြစ်နိုင်ခြေအလွန်များတဲ့ အပြောင်းအရွှေ့တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်းရှိနေတာကြောင့် စာချုပ်သက်တမ်းက ၂၀၂၄ ထိ ဖြစ်သွားနိုင်ပါတယ်။ 


#လာလီဂါ #မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #အပြောင်းအရွှေ့ #ဒီယေဂိုဒါလော့ #ပရီးမီးယားလိဂ်