ရှေ့သို့
Image

ပေါင်ခြံဒဏ်ရာ ခွဲစိတ်ကုသမှုခံယူခဲ့လို့ ကမ္ဘာ့ဖလားကစားရဖို့ မသေချာတော့တဲ့ ဝေါ်ကာ

2:57 PM, 7 October

ကိုင်လီဝေါ်ကာတစ်ယောက် ဒီတစ်ပတ်ထဲမှာပဲ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားနိုင်ဖို့ မသေချာတဲ့အနေအထား ဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့်ဟာ ကိုပင်ဟေဂင်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပြီး ပွဲပြီးဆုံးချိန်မှာတော့ နည်းပြပက်ဂွာဒီယိုလာက “သူခနတော့ နားရပါလိမ့်မယ်။ ဘယ်လောက်ကြာမလဲတော့ မသိဘူး။ အခုဘာမှမပြောနိုင်သေးပါဘူး။ ဆရာဝန်တွေနဲ့ အရင်ဆုံးပြောရမယ်။ ကယ်လ်ဗင်(ဖီးလစ်)လိုပဲ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ကမ္ဘာ့ဖလားက ကစားသမားတွေအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ သိပါတယ် ဒါပေမယ့် အခုတော့ ကျွန်တော်တကယ်မသိပါဘူး”လို့ပြောခဲ့ပါတယ်။

ကြာသပတေးမနက်ကပဲ ဝေါ်ကာက သူ့ရဲ့တွစ်တာမှာ “ဒဏ်ရာတွေဆိုတာ ကျွန်တော်တို့ ကစားသမားဘဝရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ၊ ဘောလုံးပွဲတွေကိုချစ်ရင် ဒဏ်ရာတွေကိုလည်း ရှောင်လို့မရပါဘူး။ အင်္ဂါနေ့တုန်းက ခွဲစိတ်မှုလုပ်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ အခုပြန်လည်ထူထောင်ရေးအတွက် အာရုံစိုက်ထားပြီး ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာပါမယ်။ အသင်းဖော်တွေကိုလည်း နေ့တိုင်းတတ်နိုင်တဲ့နည်းလမ်းနဲ့ အားပေးနေမှာပါ”လို့ ပြောခဲ့ပါတယ်။

ဝေါ်ကာကိုသူ့ရဲ့အဓိက ကစားသမားအဖြစ် သတ်မှတ်ထားတဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်အတွက်တာ့ ဝေါ်ကာရဲ့ဒဏ်ရာသတင်းဟာ စိုးရိမ်စရာကိစ္စဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ဖလားမတိုင်မီ ဒဏ်ရာကသက်သာလာဖွယ် ရှိပေမယ့် ခွဲစိတ်ကုသထားမှုကြောင့် ကမ္ဘာ့ဖလားလို အရေးကြီးတဲ့ ပြိုင်ပွဲကြီးမှာ ခြေစွမ်းပြနိုင်ဖို့ မသေချာပါဘူး။ အခုချိန်ထိလည်း ဝေါ်ကာနားရမယ့် အချိန်အတိအကျကို မသိနိုင်သေးတာကြောင့် ကမ္ဘာ့ဖလားကလည်း ဝေါ်ကာအတွက် မသေချာသေးပါဘူး။

အင်္ဂလန်အသင်းဟာ နိုဝင်ဘာ ၂၁ မှာ အီရန်နဲ့အဖွင့်ပွဲစဉ် ကစားရမှာဖြစ်ပြီး နိုဝင်ဘာ ၁၃ မှာတော့ အပြီးသတ် လူစာရင်း ၂၃ ယောက်ကနေ ၂၆ ယောက် စာရင်းကိုထုတ်ပြန်သွားမှာဖြစ်ပါတယ်။
#ကိုင်လီဝေါ်ကာ #၂၀၂၂ကမ္ဘာ့ဖလား