ရှေ့သို့
Image

ဒေါ့မွန်ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဆီဗီလာနည်းပြ ရာထူးမှ ထုတ်ပယ်ခံရတဲ့ လိုပီတီဂူ

10:07 AM, 6 October

ဒီနေ့မနက်ပိုင်းချန်ပီယံလိဂ်ပွဲစဉ်မှာ ဒေါ့မွန်ကို ၄-၁ ဂိုးနဲ့ အိမ်ကွင်းဂိုးပြတ်ရှုံးပွဲအပြီး ဆီဗီလာအသင်းတာဝန်ရှိသူတွေက နည်းပြ လိုပီတီဂူကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း ကလပ်အသင်းမှ တရားဝင်သတင်းထုတ်ပြန်ပါတယ်။

ယူရိုပါလိဂ်ဘုရင်ကြီးက အခုရာသီအစပိုင်းမှာ ရုန်းကန်နေရပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ နိုင်ပွဲတစ်ပွဲသာ ရရှိထားပါတယ်။ ဆီဗီလာက လက်ရှိလာလီဂါ အမှတ်ပေးဇယားရဲ့တန်းဆင်းဇုန်အထက် အဆင့်(၁၇)နေရာမှာ ရမှတ် ၅ မှတ်နဲ့ရပ်တည်နေပြီး ၂၀၀၁ ခုနှစ်၊ လာလီဂါဆီတန်းတက်လာပြီးနောက်ပိုင်း အဆိုးဝါးဆုံးရာသီအဖွင့်ကာလတစ်ခုကို ဖြတ်သန်းနေရတာပါ။

ဒေါ့မွန်နဲ့ပွဲစဉ်အပြီး လိုပက်တယ်ဟီက “ဆီဗီလာမှာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေ ဖန်တီးပေးခဲ့တဲ့ ကစားသမားတွေနဲ့  လူပုဂ္ဂိုလ်တွေ အားလုံးကို  ကျေးဇူးတင်ပါတယ်။ ကျွန်တော်အရမ်းချစ်ရတဲ့ ကလပ်အသင်းတစ်ခုကနေ ထွက်ခွာရတာ ဝမ်းနည်းမိပါတယ်။ အားပေးထောက်ခံမှုတွေနဲ့ နားလည်မှုအပြည့်ပေးခဲ့တဲ့ ဆီဗီလာ ပရိသတ်တွေကိုလည်း ကျွန်တော် အထူးကျေးဇူးတင်ပါတယ်။ ကစားသမားတွေကိုတော့ အစောကတည်းက နှုတ်ဆက်စကားပြောပြီးသွားပါပြီ။ ဒီအချိန်က မလေးမစားစကားတွေပြောနေရမယ့် အချိန်မျိုးမဟုတ်ပါဘူး။ ဒီကလပ်မှာ ကျွန်တော်ရရှိခဲ့တဲ့ အရာတွေအားလုံးအတွက် အထူးကျေးဇူးတင်ပါတယ်” ပြောဆိုခဲ့ပါတယ်။

ဒေါ့မွန်နဲ့ပွဲစဉ်အပြီးမှာ ကွင်းထဲမှာရှိနေတဲ့ ပရိသတ်တွေက နည်းပြ လိုပီတီဂူကို မတ်တပ်ရပ်လက်ခုပ်တီးအားပေးခဲ့သလို အသင်းဘုတ်အဖွဲ့ကိုလည်း ရာထူးမှ နုတ်ထွက်ကြရန် သံပြိုင်ဟစ်အော်တောင်းဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ ဆီဗီလာက မာဆေးလ်နည်းပြဟောင်း ဆမ်ပါအိုလီကို အသင်းမှာ ဒုတိယအကြိမ်ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီအချိန်အများစုမှာ လာလီဂါချန်ပီယံဆုအတွက် ရီးရဲလ်မက်ဒရစ်နဲ့ တိုက်ပွဲဝင်နိုင်ခဲ့သလို ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပြီးနောက် အသင်းအပေါ်မျှော်လင့်ချက်မြင့်မားခဲ့တဲ့ ပရိသတ်တွေဆီက အမျက်ဒေါသတွေ လက်ရှိအချိန်မှာ ဘုတ်အဖွဲ့ဆီ ရောက်ရှိနေပါတယ်။

လိုပီတီဂူက ဆီဗီလာအတွက် စံချိန်တင် ခြောက်ကြိမ်မြောက်ယူရိုပါလိဂ်ချန်ပီယံဆုကို ၂၀၂၀ ပြည့်နှစ်မှာ ရရှိအောင် လမ်းပြပေးခဲ့ပါတယ်။

#လိုပီတီဂူ #ဆီဗီလာ #ဒေါ့မွန် #ချန်ပီယံလိဂ်