ချန်ပီယံလိဂ်မှာ ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနေဆဲဖြစ်တဲ့ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်
10:04 AM, 6 October
ဂျူဒ်ဘယ်လင်ဂမ်ဟာ ယမန်နေ့ည ဆီဗီလာနဲ့ပွဲစဉ်မှာလည်း ဆက်လက်ခြေစွမ်းပြက ခြေစွမ်းကောင်းတွေကို ဆက်ထိန်းထားခဲ့ပါတယ်။ ဒေါ့မွန်ကို ရောက်လာကတည်းက ဘယ်လင်ဂမ်ဟာ ကျော်ကြားလာခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားမတိုင်ခင် အင်္ဂလန်အသင်းရဲ့ကွင်းလယ်မှာ အဓိကနေရာ ရယူထားခဲ့ပါတယ်။
အသက်၁၉နှစ်သာ ရှိသေးပေမယ့် အရည်အသွေး၊ အရည်အချင်းနဲ့ ရင့်ကျင်မှုတို့က ထိပ်တန်း အဆင့်မှာဖြစ်ပြီး နောက်ဆုံး ကိုလုံးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒေါ့မွန်က အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူစေခဲ့ပါတယ်။ ရှုံးပွဲတွေ့ခဲ့ပေမယ့် နည်းပြ တာဇစ်ဟာ ယမန်နေ့ညက ဆီဗီလာနဲ့ပွဲစဉ်မှာလည်း ဘယ်လင်ဂမ်ကိုသာ အသင်းခေါင်ေးဆာင်အဖြစ် ဆက်လက်တာဝန်ပေးခဲ့ပါတယ်။
အဆိုပါပွဲစဉ်အတွင်း ဘယ်လင်ဂမ်တစ်ယောက် ခြေစွမ်းပြနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကို ဖန်တီးပေးခဲ့သလို ဒုတိယဂိုးကိုလည်း ကိုယ်တိုင်သွင်းယူခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ ပြိုင်ဘက် နောက်ခံလူတွေကြားပြေးဝင်ကာ ဘယ်ဘက်ကနေ အကောင်းဆုံး ထွက်လာပြီး ကန်သွင်းပြသွားခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်သားဟာ ယူအီးအက်ဖ်အေကလပ်ပြိုင်ပွဲတွေမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ အသက်အငယ်ဆုံး အင်္ဂလန်သားဖြစ်လာသလို ၃ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဆယ်ကျော်သက် ကစားသမား ဖြစ်လာခဲ့ပါတယ်။