ရှေ့သို့
Image

ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ချင်ကြောင်း ဖွင့်ဟလာတဲ့ ပယ်လီစထရီ

4:12 PM, 5 October

မန်ချက်စတာယူနိုက်တက် လူငယ်ကြယ်ပွင့်လေး ဖာကွန်ဒိုပယ်လီစထရီကတော့ ဒီရာသီ နည်းပြအဲရစ်တန်ဟတ် လက်အောက်မှာ အရေးပါတဲ့နေရာကနေ ကစားခွင့်ရရှိလိုကြောင်း ဝန်ခံခဲ့ပါတယ်။ ဥရုဂွေးသားလေးဟာ အီတီဟတ်မှာ မန်စီးတီးကို ၆-၃ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် ယူနိုက်တက်ရဲ့ အရန်ခုံတန်းမှာပါဝင်ခွင့် ရရှိခဲ့ပါတယ်။

အသက် ၂၀ အရွယ် ကစားသမားလေးဟာ မန်စီးတီးနဲ့ပွဲမှာ ကစားခွင့်မရခဲ့ပေမယ့်လည်း အောက်တိုဘာလထဲမှာတင် နောက်ထပ် ၈ ပွဲထိ ကစားဖို့ရှိနေတဲ့ ယူနိုက်တက်ရဲ့ ပွဲကျပ်တွေကြောင့် ပထမအသင်းမှာ ပါဝင်ကစားခွင့်ရရှိဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ ယူနိုက်တက်နိုဝင်ဘာမှာ EFL ဖလားအဖြစ် အက်စ်တွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ပယ်လီစထရီအတွက် ကမ္ဘာ့ဖလားမတိုင်မီ အသင်းအတွက် အဓိကပြိုင်ပွဲတစ်ခုမှာ ပါဝင်ခွင့်ရမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

၂၀၂၀ တုန်းက ပင်နယ်ရိုလ်အသင်းကနေ ရောက်ရှိလာတဲ့ ပယ်လီစထရီဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပထမအသင်း လူစာရင်းထဲ ပါဝင်ကစားရတာဟာ စိတ်လှုပ်ရှားဖို့ကောင်းကြောင်းနဲ့ အသင်းအတွက်ဆိုရင် အချိန်မရွေး ကစားဖို့ အသင့်ပဲဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ပယ်လီစထရီက “အခုမန်ချက်စတာမှာ အရေးကြီးတဲ့ ပွဲတွေအများကြီး ကစားဖို့ရှိတာကြောင့် အသင်းအတွက် ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်မိပါတယ်။ နည်းပြအဲရစ်တန်ဟတ်ကလည်း နည်းပြကောင်းတစ်ယောက်ပါ၊ သူ့စိတ်ကူးတွေကလည်း ရှင်းတယ်၊ ကျွန်တော်ကလည်း အသင်းအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရချင်တာပါပဲ”လို့ ပြောခဲ့ပါတယ်။

အသက် ၂၀ အရွယ် ဥရုဂွေးသားလေးဟာ ရာသီကြိုခြေစမ်းပွဲတုန်းက လီဗာပူး၊ အက်သလက်တီကိုမက်ဒရစ်တို့နဲ့ ပွဲတွေမှာ ပါဝင်ခွင့်ရရှိခဲ့ပြီး ရာသီစတင်ချိန်မှာတော့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကမှ အီရန်နဲ့ခြေစမ်းပွဲမှာ ဥရုဂွေးအသင်းအတွက် ၄၅ မိနစ်ခန့် ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကြံ့ခိုင်မှုမပြည့်ဝသေးတာကြောင့် သတိထားဖို့ ဆေးအဖွဲ့က ညွှန်ကြားထားပြီး ကြံ့ခိုင်မှုပြည့်ဝမှသာ ယူနိုက်တက်ရဲ့ ပထမလူစာရင်းမှာ ပါဝင်ခွင့်ရရှိဖို့များပါတယ်။

ပယ်လီစထရီကတော့ “ကျွန်တော်လုံးဝသက်သာနေပါပြီ၊ ဒီဒဏ်ရာမျိုးက အချိန်ယူရတာကြောင့် ၁၀၀ ရာခိုင်နှုန်းအပြည့်တော့ ပြန်မကောင်းသေးပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေအပေါ်မှာ ပျော်ရွှင်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက ကျွန်တော့်ကိုနိုင်ငံအသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ယောက်ဖြစ်လာနိုင်တယ်လို့ လူကြီးတွေက ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်မယုံနိုင်ခဲ့ဘူး၊ အဖြစ်အပျက်တွေကလည်း အရမ်းမြန်တယ်လေ၊ တစ်ခါတစ်လေ ဘဝကလည်း အံ့သြအောင်လုပ်တတ်တယ်။ ကျွန်တော့်အိပ်မက်ကိုက ကမ္ဘာ့ဖလားကစားရဖို့ပါ ဒါပေမယ့် ကျွန်တော်အမြဲတမ်းပြောခဲ့သလိုပဲ အရာအားလုံးက တစ်ဆင့်ချင်းပဲ သွားရတာမျိုးပါ ” လို့ ပြောခဲ့ပါတယ်။

ပယ်လီစထရီဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ ကစားသမားတစ်ယောက်အဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပယ်လီစထရီ #တန်ဟတ် #ပရီးမီးယားလိဂ်