ရှေ့သို့
Image

တန်ဟတ်က ကတ်စ်မဲရိုးကို ခေါ်ချင်တဲ့ ဆန္ဒမရှိခဲ့ဘူးလို့ ဝေဖန်ခဲ့တဲ့ ဒါရင်းဘန့်

3:15 PM, 5 October

အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ ကတ်စ်မဲရိုးကိုခေါ်ယူလိုချင်းခြင်း မရှိခဲ့ပဲ အသင်းကိုရောက်လာတဲ့ ကစားသမားသစ်အပေါ်မှာ ယုံကြည်မှုလည်း မရှိဘူးဆိုပြီး ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကတ်စ်မဲရိုးကို ရီးရဲလ်မက်ဒရစ်ကနေ ပေါင်သန်း ၇၀ ထိသုံးပြီး ခေါ်ယူခဲ့ပေမယ့် ဘရာဇီးသားဟာ ယူနိုက်တက်မှာ ပွဲကစားချိန်နည်းပါးလျက်ရှိပါတယ်။ ကတ်စ်မဲရိုးကို အိုးလ်ထရက်ဖို့ဒ်မှာ ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့် ပရီးမီးယားလိဂ်တစ်ပွဲမှ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်မရရှိသေးပဲ ဘာနေဗျူးကနေ ရောက်လာပြီးကတည်းက လူစားဝင်ကစားသမားအဖြစ်နဲ့သာ ၅ ပွဲကစားခွင့် ရရှိခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကတော့ တနင်္ဂနွေနေ့တုန်းက ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ကတ်စ်မဲရိုးကို ပွဲထွက်ကစားသမားအဖြစ် မြင်တွေ့ချင်ခဲ့ကြပေမယ့် နည်းပြတန်ဟတ်ကတော့ ကွင်းလယ်အတွဲအဖြစ် စကော့မက်တွန်မီနေးနဲ့ ခရစ္စတီယန်အဲရစ်ဆင်တို့ကိုသာ ပွဲထွက်စေခဲ့ပြီး ကတ်စ်မဲရိုးကတော့ နောက်ဆုံးမိနစ် ၃၀ ကျမှဝင်ကစားခွင့်ရခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒါရင်းဘန့်က နည်းပြတန်ဟတ်ဟာ ကတ်စ်မဲရိုးကို ယုံကြည်မှုမရှိပဲ ရီးရဲလ်မက်ဒရစ်ကနေတောင် ကစားသမားကို မခေါ်ယူဖို့ အကြံပေးခဲ့သေးတယ်လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဘန့်က “မန်ချက်စတာယူနိုက်တက်က အန်တိုနီကိုခေါ်တုန်းကပဲကြည့်ပါ။ သူအသင်းနဲ့ ဘာမှတောင် ထရိန်နင်မဆင်းရသေးဘူး ပွဲထွက်လူစာရင်းထဲ တန်းပါလာတယ်။ တန်ဟတ်က “ ငါသူ့အကြောင်းသိတယ်၊ သူ့ကိုလိုချင်တယ်၊ လူစာရင်းထဲ တန်းထည့်တယ်” အဲ့သဘောပဲ။ ကျွန်တော်သိချင်တာက ကတ်စ်မဲရိုးကရော တန်ဟတ်တကယ်လိုချင်တဲ့ ကစားသမား ဟုတ်ရဲ့လားဆိုတာပဲ။ ကတ်စ်မဲရိုးရဲ့ အချက်အလက်တွေကိုကြည့်လိုက် ပွဲတစ်ပွဲကို အမြင့်ဆုံးခြေစွမ်းနဲ့ မကစားနိုင်စရာ အကြောင်းကို မရှိဘူး။ ဒီရာသီ ယူနိုက်တက်ရဲ့ အရေးအကြီးဆုံး ပွဲစဉ်မှာတောင် သူမပါရဘူးဆိုကတည်းက ရှင်းနေပြီ။ တန်ဟတ်လိုချင်တဲ့ ကစားသမားရော ဟုတ်ရဲ့လားဆိုတာ အရင်ဆုံးမေးချင်တယ်။ ဒုတိယတစ်ချက်က မက်တွန်မီနေးကရော ကတ်စ်မဲရိုးထက် ပိုကောင်းနေလို့လား။ သူမန်ချက်စတာယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ခဲ့တာ မှန်ပါတယ်။ ကျွန်တော်သာ ကတ်စ်မဲရိုးဆိုရင် တော်တော်စိတ်ပျက်မိမှာပါ။ အဲ့ဒါကြောင့်လည်း တန်ဟတ်က ကတ်စ်မဲရိုးအပေါ်မှာ ယုံကြည်မှုမရှိဘူးလို့ ထင်မိတာပါ ” ဆိုပြီး ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ မန်ချက်စတာစီးတီးကို ၆-၃ နဲ့ ရှုံးနိမ့်ခဲပါတယ်။ လက်ရှိပရီးမီးယားလိဂ် အဆင့် ၆ မှာ ရပ်တည်နေပြီး မနက်ဖြန်ကြာသပတေးညမှာတော့ အိုမိုနီယာအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်ပွဲစဉ်ပြီးရင်တော့ နည်းပြတန်ဟတ်ရဲ့အသင်းဟာ အဲဗာတန်ကိုဂွတ်ဒီဆင်ပါ့ခ်ကို သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကက်စ်မဲရိုး #ဒါရင်းဘန့်တ် #တန်ဟတ် #ပရီးမီးယားလိဂ်