ရှေ့သို့
Image

တိုမိုရီကို ချဲလ်ဆီးဘာကြောင့် ထွက်ခွာခွင့်ပြုခဲ့လဲဆိုတာကို နားမလည်နိုင်ဖြစ်နေတဲ့ ဂါးလက်စ်

10:30 AM, 5 October

ချဲလ်ဆီးနောက်ခံလူဟောင်း ဝီလီယံဂါးလက်စ်က ချဲလ်ဆီးအနေနဲ့ တိုမိုရီကို အေစီမီလန် အသင်းထံ ဘာကြောင့် ထွက်ခွာခွင့်ပြုခဲ့လဲဆိုတာကို နားမလည်နိုင်ဖြစ်ရတယ်လို့ မေးခွန်းထုတ်လိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အခုဗုဒ္ဓဟူးနေ့မှာ အေစီမီလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အေစီမီလန်ဟာ ချဲလ်ဆီး အသင်းကွင်းကို သွားရောက်ကစားရမှာဖြစ်ကာ တိုမိုရီက အသင်းဟောင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဂါးလက်စ်က ပြီးခဲ့တဲ့နွေရာသီတုန်းက တိုမိုရီကို ရောင်းချခဲ့တဲ့ ချဲလ်ဆီးရဲ့လုပ်ရပ်ကို မှားယွင်းတယ်လို့ ခံစားနေရပါတယ်။

တိုမိုရီဟာ ၂၀၀၅ ခုနှစ်တုန်းက ချဲလ်ဆီးကိုပြောင်းလာခဲ့တာဖြစ်ပြီး ကလပ်အသင်းရဲ့လူငယ်အဆင့်မှာ အောင်မြင်ခဲ့ကာ လူငယ်အက်ဖ်အေဖလား နဲ့ ယူအီးအက်ဖ်အေလူငယ်ဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။ အသက် ၂၄ နှစ်သားဟာ ၂၀၁၅ - ၁၆ ရာသီအကုန်မှာ ချဲလ်ဆီးအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့် ယခင်က ဘရိုက်တန် ၊ ဟားလ်စီးတီး နဲ့ ဒါဘီအသင်းတွေမှာ အငှားထွက်ကစားခဲ့ရပါတယ်။

အေစီမီလန်ကို မပြောင်းခင် တိုမိုရီဟာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ တိုမိုရီကို အငှားနဲ့ ကနဦးခေါ်ယူခဲ့ပေမယ့် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

“ချဲလ်ဆီးက ဘာကြောင့် တိုမိုရီကို ထွက်ခွာခွင့်ပေးလဲဆိုတာကို ကျွန်တော် မသိပါဘူး။ အကြောင်းပြချက်ကို ကျွန်တော် မသိပါဘူး။ သူပြောင်းပြီးကတည်က ကျွန်တော် တောက်လျှောက်စောင့်ကြည့်ခဲ့ပြီး တကယ်ကောင်းတဲ့ နောက်ခံလူဖြစ်လာပါတယ်။ သူ့အတွက် ကစားရဖို့ အရေးကြီးပါတယ်။ သင်ယူမှုတွေကနေ တိုးတက်လာခဲ့ပါတယ်။ လူငယ်ကစားသမားတစ်ဦးက အချိန်တခုလိုအပ်ပါတယ်။ ခံစစ်ကစားသမားတွေက တိုက်စစ်ကစားသမားနဲ့ မတူပါဘူး။ သင်ယူရမယ့်အချိန်ပိုလိုအပ်ပါတယ်။ သူ အေစီမီလန် ရောက်သွားချိန်မှာ  အခုဆိုတိုးတက်လာခဲ့ပါပြီ။ ချဲလ်ဆီးက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချမိခဲ့တာပါ။ အခုတော့ သူဘယ်လိုစွမ်းဆောင်ပြမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ”လို့ ဂါးလက်စ်က ပြောကြားခဲ့ပါတယ်။

တိုမိုရီ #ချဲလ်ဆီး #အေစီမီလန် #ဂါးလက်စ် #ပရီးမီးယားလိဂ်