ဝုဗ် နည်းပြပြန်ဖြစ်ဖို့ ရေပန်းစားနေတဲ့ စပိန်နည်းပြဟောင်း လိုပက်တီဂူနဲ့ မိန့်ဇ်နည်းပြ စဗန်ဆန်
4:17 PM, 4 October
ဆီဗီလာနဲ့ စပိန်နည်းပြဟောင်း ဂျူလန်လိုပက်တီဂူနဲ့ မိန့်ဇ်နည်းပြ ဘိုစဗန်ဆန်တို့ဟာ ဝုဗ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံး နည်းပြနှစ်ဦးဖြစ်တယ်လို့ တယ်လီဂရက်ဖ်သတင်းစာရဲ့ ဂျာနစ်လစ် ဂျွန်ပါစီက ဖော်ပြသွားခဲ့ပါတယ်။
အိုလံပီယာကို့စ်နည်းပြဟောင်း ပက်ဒရိုမာတင်ကလည်း ဝုဗ်အသင်းရဲ့ စာရင်းထဲမှာပါဝင်နေပေမယ့် သတင်းတွေအရတော့ ပေါ်တူဂီသားနည်းပြဟာ လက်ရှိအချိန်မှာတော့ ဦးစားပေးစာရင်းထဲမှာ မပါဝင်တော့ဘူးလို့ သိရပါတယ်။ လိုပက်တီဂူကတော့ ဒီရာသီမှာ ဆီဗီလာအတွက် နိုင်ပွဲတစ်ပွဲမှ မရယူပေးနိုင်သေးတာကြောင့် လမ်းခွဲဖို့နီးစပ်လျက်ရှိပါတယ်။
လိုပက်တီဂူဟာ ဝုဗ်အသင်းကို တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Fosun ကစတင် ပိုင်ဆိုင်ခဲ့တဲ့ ၂၀၁၆ ကတည်းက နည်းပြဖြစ်လာဖို့ ရေပန်းစားခဲ့သူလည်း ဖြစ်ပါတယ်။ ဒိန်းမတ်နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ စဗန်ဆန်ကတော့ မိန့်ဇ်အသင်းကို တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါ အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာကို ရရှိအောင် အံ့အားသင့်ဖွယ် စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဝုဗ်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အောက်ဆုံး ၃ သင်းထဲက တစ်သင်းဖြစ်တဲ့ ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီးနောက် နည်းပြဘရူနိုလာဂီကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပဲ ဖြစ်ပါတယ်။