ရှေ့သို့
Image

နောက်ကျောဒဏ်ရာ ခွဲစိတ်ကုသမှုအောင်မြင်ကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ အိုဇေးလ်

3:33 PM, 4 October

မီဆွတ်အိုဇေးလ်က ကာလရှည်ခံစားနေရတဲ့ နောက်ကျောဒဏ်ရာ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် လပေါင်းများစွာ အနားယူရဖို့ ရှိနေပါတယ်။ ဂျာမန်သားဟာ ကာလရှည်ခံစားနေရတဲ့ဒဏ်ရာ အတွက် ယမန်နေ့က ခွဲစိတ်ကုသမှုခံယူခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဘက်စ်ကီးရှီးယားအသင်းမှာ ကစားနေတဲ့ ၃၃နှစ်သားဟာ ယခုနှစ်တွေအတွင်း နောက်ကျောဒဏ်ရာ မကြာခဏ ခံစားရလေ့ရှိပြီး ၂၀၁၈ခုနှစ်နောက်ပိုင်း ၃၁ပွဲအထိ လွဲချော်ခဲ့ရပါတယ်။ ယခုအချိန်မှာတော့ ခွဲစိတ်ကုသမှုအပြီး အခြေအနေတွေကို အိုဇေးလ်က ပရိသတ်တွေထံ ပြောပြလာခဲ့တာ ဖြစ်ပါတယ်။

ဆေးရုံကုတင်မှာ လှဲလျောင်းနေတဲ့ပုံနဲ့အတူ အိုဇေးလ်က “ဒီနေ့ ခွဲစိတ်မှုက အဆင်ပြေပြေအောင်မြင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ မက်ဆေ့နဲ့ ဆုတောင်းစကားတွေအတွက် ကျေးဇူးတင်ပါတယ်”လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားလာခဲ့ပါတယ်။

အိုဇေးလ်ဟာ ဖီနာဘာချီနဲ့ ၂ဦး သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဘက်စ်ကီးရှီးယား အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဘက်စ်ကီးရှီးယား ကစားသမားဘဝအစမှာ အိုဇေးလ်တစ်ယောက် ရုန်းကန်ခဲ့ရပြီး ၃ပွဲ ကစားပေးထားကာ နောက်ဆုံး ကစားပေးခဲ့တဲ့ပွဲစဉ်ကတော့ ဖီအိုရင်တီးနားနဲ့ ယူရိုပါကွန်းဖရန့်လိဂ်ပွဲစဉ်မှာ အရန်ခုံကနေ ပါဝင်လာခဲ့တာပါ။

#ဖီနာဘာချီ #အိုဇေးလ်