ရှေ့သို့
Image

ဘော်လွန်းဒီအော်ဆုကို ဘန်ဇီးမား ရရှိလိမ့်မယ်လို့ ဖလော်ရန်တီနို ပီရက်ပြောကြား

12:25 PM, 4 October

မနှစ်က ရာသီက ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို အရယူနိုင်ခဲ့တဲ့အတွက် ဘာနေဗျူးဟာ သာယာတဲ့ နှစ်တစ်နှစ်ကို ရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ထိုပြိုင်ပွဲ နှစ်ရပ်စလုံးအတွက် အသင်းမှာ အခရာ အကျဆုံး ကစားသမားတစ်ယောက်ရှိခဲ့ပါတယ်။ ထိုသူကတော့ ကာရင် ဘန်ဇီးမားပဲ ဖြစ်ပါတယ်။

ပြင်သစ်သားတိုက်စစ်မှူးဟာ မနှစ်က ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲ အရပ်ရပ် ၄၆ ပွဲ ကစားခဲ့ကာ ၄၄ ဂိုး သွင်းယူခဲ့ပြီး ၁၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။ သူ့ရဲ့ ဖန်တီးမှုတွေ သွင်းဂိုးတွေက အသင်းကို အဆုံးအဖြတ်အခြေအနေတွေမှာ ကျော်လွှားနိုင်စေခဲ့တာပါ။

အသင်းရဲ့ အောင်မြင်မှု အတွက် နောက်ထပ် အားကိုးရတဲ့ ကစားသမားတွေ အဖြစ် ဗီနီးရှပ် ဂျူနီယာ ၊ လူကာမိုဒရစ် ၊ သီဘွတ် ကော်တိုရစ်တို့က များစွာ သယ်ပိုးပေးထားခဲ့တာတွေလည်း ရှိပါတယ်။ ဒါကြောင့် အသင်းမှာ ဘယ်သူက အကြီးကျယ်ဆုံးလဲဆိုတာကို သတ်မှတ်ဖို့ သံသယဖြစ်စရာရှိလို့နေပါတယ်။

ဒါပေမယ့် အသင်းရဲ့ ဥက္ကဌ ဖလော်ရန်တီနို ပီရက်က အသင်းရဲ့ အထွေထွေ စုံညီ အစည်းအဝေးပွဲမှာ ဘန်ဇီမာကို ဘော်လွန်းဒီအော်ဆု (ရွှေဘောလုံးဆု) ရဖို့ ယုံကြည်နေပါတယ်။ ထိုအစည်းအဝေးမှာ ပြောကြားချက်များကို Diario Sport မှာ "ဘန်ဇီးမားဟာ UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိထားပြီးပါပြီ။ လာမယ့် နေ့ရက်တွေမှာ သူဟာ ရွှေဘောလုံးဆုကို ရပါလိမ့်မယ်။ ဘယ်သူမှ သံသယဖြစ်စရာ မရှိပါဘူး"လို့ ပြောခဲ့ပါတယ်။

ဘန်ဇီးမားဟာ အသက် ၃၄ နှစ် အရွယ်ရောက်မှ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ အကောင်းဆုံး ပုံစံပြသထားနိုင်ခဲ့ပြီး မနှစ်ကဆိုလျှင် သူ့ရဲ့ ကစားသမားဘဝအကောင်းဆုံး ရာသီတစ်ခုလို့တောင် သတ်မှတ်နိုင်ပါတယ်။ သူဟာ ရီးရဲလ်အသင်းမှာ ဘယ်တုန်းကမှ တောက်ပခဲ့တဲ့ ကစားသမား မဟုတ်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ပုံစံကောင်းတွေပြသရင်းတိုးတက်မှုရှိအောင် ဆောင်ရွက်ထားပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ပီရက်ဇ် #ဘန်ဇီးမား