ရှေ့သို့
Image

ဥရောပစူပါလိဂ်ကို ပြန်လည်အသက်သွင်းချင်နေတဲ့ ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်

4:08 PM, 3 October

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က လက်ရှိဘောလုံးလောကဟာ ဖျားနာနေဆဲဖြစ်လို့ ဥရောပစူပါလိဂ်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းကသာ ဘောလုံးလောကရဲ့ ကျန်းမာရေးပြန်လည် ကောင်းမွန်စေမယ့် နည်းလမ်းတစ်ခုဖြစ်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

စပိန်အင်အားကြီးကလပ်အသင်းက ပြီးခဲ့တဲ့နှစ်၊ ဧပြီလအတွင်း ဥရောပစူပါလိဂ်ထူထောင်ဖို့ သဘောတူညီခဲ့ကြတဲ့ ကလပ်အသင်းတွေအနက် တစ်သင်းဖြစ်ပါတယ်။ ဒီအကြံအစည်ကို သတင်းမီဒီယာများမှတဆင့် အများပြည်သူသိရှိလာကြတဲ့ အချိန်မှာ ဘောလုံးပရိသတ်တွေရဲ့ ကန့်ကွက်မှုတွေနဲ့အတူ ဥရောပစူပါလိဂ်ပြိုင်ပွဲတည်ထောင်မယ့် စိတ်ကူးဟာ ပြိုလဲခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အင်္ဂလန်ထိပ်သီးအင်အားကြီးကလပ်အသင်း ၆ သင်း ဒီအစီအစဉ်မှ နုတ်ထွက်သွားခဲ့ပြီးနောက် ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ရီးရဲလ်မက်ဒရစ်ရဲ့ နှစ်ပတ်လည်အထွေထွေအစည်းအဝေးမှာ ဥက္ကဋ္ဌ ပီရက်ဇ်က ဥရောပစူပါလိဂ်ကို ဆက်လက်အသက်သွင်းဖို့ လိုအပ်နေတဲ့အကြောင်း ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။

“ပြဿနာတစ်ခုကို ဖြေရှင်းချင်တယ်ဆိုရင် ပထမဆုံးအနေနဲ့ မင်းမှာ ဒီပြဿနာရှိနေတယ်ဆိုတာ အရင်ဆုံး အသိအမှတ်ပြုရမှာ ဖြစ်တယ်။ ကျွန်တော်တို့ ချစ်ခင်ရတဲ့ အားကစားက နာမကျန်းဖြစ်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာအားကစားတစ်ခုအနေနဲ့ သူ့ရဲ့ခေါင်းဆောင်မှုအခန်းကဏ္ဍကို ဆုံးရှုံးနေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းက အလွန်အကြိတ်အနယ်ရှိပြီး စိတ်ဝင်စားစရာကောင်းလှတဲ့ ပွဲစဉ် ၇ ပွဲကို ပါဝင်ကစားခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ရဲ့အောင်မြင်မှုက စိတ်ရှုပ်ထွေးစရာမရှိပါဘူး။ ဒါကပဲ ဥရောပပြိုင်ပွဲတွေကျင်းပတဲ့ပုံစံကို ပြောင်းလဲပစ်ရမယ်လို့ ကျွန်တော်တို့ယုံကြည်ထားတဲ့ အကြောင်းအရင်းပါပဲ။ အကောင်းဆုံးကစားသမားတွေ ယှဉ်ပြိုင်ကြခြင်းနဲ့အတူ အကောင်းဆုံးအသင်းတွေအကြား တစ်နှစ်တာလုံး ယှဉ်ပြိုင်နေကြမယ့် ထိပ်တန်းအဆင့်ပွဲစဉ်တွေကို ပရိသတ်တွေဆီ ချပြပေးရပါမယ်။
ဥရောပဘောလုံး လောကမှာ အလွန်ပြင်းထန်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး ဆွေးနွေးမှုတွေအပေါ် ဥရောပစူပါလိဂ်ပြိုင်ပွဲပုံစံက အတားအဆီးတစ်ခု ဖြစ်လာစရာမရှိပါဘူး။ ကျိန်းသေပေါက်ဖြေရှင်းရမယ့် ပြဿနာတွေကတော့ ရှိနေပါတယ်”လို့ ပီရက်ဇ်က ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ပီရက်ဇ်အနေနဲ့  ဥရောပဘောလုံးလောကရဲ့ အအောင်မြင်ဆုံးအသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ဟာ ၆၇ နှစ်အတွင်း ၉ ကြိမ်သာ ရင်ဆိုင်ကစားခဲ့ရတဲ့အပေါ် အံ့ဖွယ်သရဲ၊ မယုံနိုင်လောက်စရာလို့ ယုံကြည်နေပါတယ်။

“အမျိုးသားတင်းနစ်ပြိုင်ပွဲမှာ နာဒယ်လ်နဲ့ ရော်ဂျာဖက်ဒါရားတို့က ၁၅ နှစ်အတွင်း အကြိမ် ၄၀ ထိပ်တိုက် ရင်ဆိုင်ကစားခဲ့ပါတယ်။ လက်ရှိအချိန်အထိ နာဒယ်လ်နဲ့ ဂျိုကိုဗစ်တို့လည်း ၁၆ နှစ်အတွင်း ၅၉ ကြိမ် ယှဉ်ပြိုင်ခဲ့တာပါ။ ဒီပွဲတွေက ပျင်းစရာကောင်းနေပါသလား? တင်းနစ်ပြိုင်ပွဲရဲ့ ဂန္တဝင်ထိပ်တန်းပွဲစဉ်တွေ ဖြစ်ခဲ့ပါတယ်။ ဘောလုံးကမ္ဘာမှာတော့ ဒီအချက်အလက်ပိုင်းတွေက တကယ့်အံ့ဖွယ်သရဲပါပဲ။ ကျွန်တော်တို့အသင်းက ဥရောပချန်ပီယံလိဂ်ဖလား ၆ ကြိမ်ဗိုလ်စွဲထားနိုင်တဲ့ သမိုင်းဝင်အသင်းကြီး လီဗာပူးကို ၆၇ နှစ်အတွင်း ၉ ကြိမ်လောက်ပဲ ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။ မက်ဒရစ်မြေမှာဆိုရင် ၃ ကြိမ်လောက်ပဲ ကစားဖူးတာပါ”လို့ ပီရက်ဇ်က ဆက်ပြောခဲ့ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ပီရက်ဇ် လာလီဂါ