ရှေ့သို့
Image

ဒါဘီမတိုင်မီမာတီနက်ဇ်နဲ့ ဘာတွေပြောခဲ့လဲဆိုတာ ဖွင့်ဟလာတဲ့ မန်စီးတီးတိုက်စစ်မှူး အယ်ဗာရက်ဇ်

5:00 PM, 2 October

မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂျူလီယန်အယ်ဗာရက်ဇ်ကတော့ သူ့ရဲ့မန်စီးတီးကစားသမားဘ၀ ပထမဆုံး မန်ချက်စတာဒါဘီအတွက် ရင်ခုန်နေကြောင်း ဝန်ခံခဲ့ပါတယ်။ နည်းပြပက်ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ နိုင်ငံပွဲတွေမတိုင်မီ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်အသင်းကို ၃-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ယူနိုက်တက်တော့ ပြည်တွင်းပွဲစဉ်မကစားခဲ့ရပဲ နောက်ဆုံးကစားခဲ့တာကတော့ လွန်ခဲ့တဲ့တစ်လက အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ 

စီးတီးဟာ ယနေ့ညမှာတော့ နည်းပြအဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်ကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။ မန်ချက်စတာရဲ့ အပြာရောင်ဘက်ခြမ်းက မတ်လတုန်းက နောက်ဆုံးကစားခဲ့တဲ့ ဒါဘီမှာတော့ ၄-၁ ဆိုတဲ့ရလဒ်နဲ့ အပြတ်အနိုင်ရရှိခဲ့ပါတယ်။ ရေဗားပလိတ်ကနေ ပြီးခဲ့တဲ့နွေရာသီကမှ စီးတီးကိုရောက်ရှိလာတဲ့ ၂၂ နှစ်အရွယ် ကစားသမား အယ်ဗာရက်ဇ်ကတော့ မန်စီးတီးမှာ ၈ ပွဲကစားထားပြီး သွင်းဂိုး ၃ ဂိုးလည်း သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။ ဒီရာသီမှာ ပွဲထွက်ကစားသမားအဖြစ် ၁ ပွဲသာ ပါဝင်ခွင့်ရရှိထားသော်လည်း အရန်ခုံကနေ ပါဝင်ကစားခွင့်ရတိုင်း ခြေစွမ်းပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ 

အာဂျင်တီးနားကြယ်ပွင့်က “ ဟုတ်ကဲ့ ဒီပွဲက နှစ်သင်းစလုံးအတွက် အရမ်းကိုအရေးကြီးတဲ့ ပွဲကောင်းတစ်ပွဲပါ။ ကမ္ဘာပေါ်မှာ အရေးအပါဆုံးနဲ့ ကြည့်ရှုသူအများဆုံး ပွဲဖြစ်မယ်လို့ ထင်ပါတယ်။ ဒီပွဲက တကယ့်ပွဲကြီးပွဲကောင်းဖြစ်လာမှာမို့လို့ ကျွန်တော်တို့ကိုယ်တိုင်လည်း အရမ်းမျှော်လင့်ထားပါတယ်။ ဒါဘီဖြစ်နေလို့ကို ပိုပြီးစိတ်လှုပ်ရှားရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ပရီးမီးယားလိဂ်မှာ အမှတ်တွေ ထပ်မံစုဆောင်းနေဦးမှာပါ။ 

အာဂျင်တီးနားမှာလည်း ပရီးမီးယားလိဂ်ပရိသတ်တွေ အများကြီးပါ ဒါပေမယ့် ဒီကပရိသတ်တွေကတော့ မန်ချက်စတာစီးတီးပေါ်မှာ ပိုပြီးအားပေးကြတယ်လို့ ထင်ပါတယ်၊ ကွင်းထဲမှာဖြစ်ဖြစ်၊ လမ်းပေါ်မှာဖြစ်ဖြစ်၊ မြို့ထဲမှာဖြစ်ဖြစ် အစွမ်းကုန်အားပေးနေတာ တွေ့ရပါတယ်။ အဲ့ဒါကြောင့် ဒီမြို့မှာနေရတာ၊ ဒီအသင်းမှာ ကစားရတာဟာ ကျွန်တော့်အတွက်တော့ မဟာအခွင့်အရေးတစ်ခုပါပဲ။ အရမ်းလည်းပျော်တယ် ”  လို့ ပြောသွားခဲ့ပါတယ်။ 

အယ်ဗာရက်ဇ်ဟာ ဒါဘီပွဲစဉ်မှာတော့ နိုင်ငံအသင်းဖော် လီဆန်ဒရိုမာတီနက်ဇ်ကို ပြိုင်ဘက်အဖြစ်နဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ငံပွဲစဉ်တွေအတွက် ကစားနေတုန်း မန်ချက်စတာဒါဘီအကြောင်းကိုလည်း ပြောခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အယ်ဗာရက်ဇ်က “ ဟုတ်တယ် ကျွန်တော်တို့ မန်ချက်စတာကိုအတူတူ ပြန်လာတာလေ။ တနင်္ဂနွေနေ့ပွဲအကြောင်းလည်း ပြောဖြစ်တယ်၊ ရယ်စရာလေးတွေလည်း ပါတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့အချင်းချင်း အကောင်းဆုံးဖြစ်ဖို့ပဲ ဆုတောင်းပေးခဲ့ကြပါတယ်။ တကယ်လည်း အရမ်းမိုက်တဲ့ ပွဲဖြစ်နေတယ်လေ ” ဆိုပြီး ပြောသွားခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ဂျူလီယန်အယ်ဗာရက်ဇ်