ဝုဗ်နဲ့ပွဲမှာ ဒုတိယဂိုးသွင်းယူခဲ့ပြီးနောက် ကြောက်စရာကောင်းသော လက်ချောင်းအဆစ်လွဲဒဏ်ရာရခဲ့တဲ့ ဘိုဝမ်
9:16 AM, 2 October
ဝက်စ်ဟမ်းတိုက်စစ်ကစားသမား ဂျရော့ဘိုဝမ်ဟာ ယမန်နေ့ည ဝုဗ်နဲ့ပွဲစဉ်အတွင်း ကြောက်စရာကောင်းတဲ့ လက်ချောင်းအဆစ်လွဲဒဏ်ရာရရှိခဲ့ပါတယ်။
အင်္ဂလန်သားဟာ ဒုတိယပိုင်းအတွင်း ဝက်စ်ဟမ်းအတွက် ဂိုးသွင်းပေးပြီးနောက် လက်ချောင်းအဆစ်လွဲတဲ့ဒဏ်ရာရသွားတယ်လို့ ယူဆရပါတယ်။
ကင်မရာက ဘိုဝမ်ကို ရိုက်ပြစဉ် လက်ချောင်းအဆစ်က ပုံမှန်မဟုတ်ပဲ ဆိုးဆိုးရွားရွားလွဲနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ဘိုဝမ်ရဲ့ဒဏ်ရာကို ဆေးအဖွဲ့က ကုသမှုတွေ ပြုလုပ်စဉ် ပွဲကို မိနစ်တော်တော်များများ ရပ်နားခဲ့ရပါတယ်။
လူမှုကွန်ရက်မှာတော့ ဝက်စ်ဟမ်းပရိသတ်တွေက ဘိုဝမ်ရဲ့ ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်မှုတွေ ပြသခဲ့ကြပါတယ်။
ပရိသတ်တစ်ဦးက "ဒါကြီးက ဘိုဝမ်အတွက် တော်တော်ဆိုးတဲ့ လက်ချောင်းဒဏ်ရာပဲ"လို့ ရေးခဲ့ပါတယ်။
နောက်တစ်ဦးက "အုချ်၊ ဘိုဝမ် လက်ချောင်းကြီးကျိုးသွားတာပဲ"လို့ ဆိုပါတယ်။
နောက်တစ်ယောက်ကလည်း "ဘိုဝမ်ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်ချင်းစာပါတယ်။ ဒဏ်ရာတွေအများကြီးရခဲ့ပေမယ့် လက်ချောင်းကို ပုံမှန်အတိုင်း ပြန်တည့်ဖို့က အဆိုးဆုံးအရာပဲ"လို့ ပြောခဲ့ပါတယ်။
ဘိုဝမ်ကတော့ လက်ချောင်းဒဏ်ရာကို ဆေးကုသမှုခံယူခဲ့ပြီးနောက် ပွဲပြီးတဲ့အထိ ဆက်ကစားပေးသွားခဲ့ပါတယ်။