ရှေ့သို့
Image

ရာသီကုန်မှာ ဒါလော့ကို အလွတ်ဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်

10:57 AM, 30 September

ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့ဟာ ယူနိုက်တက် ညာနောက်ခံလူ ဒါလော့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြသော်လည်း ပေါ်တူဂီနိုင်ငံသားကတော့ ကလပ်နဲ့ စာချုပ်ကို သက်တမ်းတိုးလိုနေတာဖြစ်ပါတယ်လို့ သတင်းတွေအရသိရှိရပါတယ်။

အသက် ၂၃နှစ်အရွယ် ကစားသမားဟာ အိုးထရက်ဖို့ဒ်ရှိ နည်းပြတန်ဟက်ရဲ့လက်အောက်မှာ ပထမဦးစားပေးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပြီး နယ်သာလန်နိုင်ငံသားနည်းပြကတော့ ခံစစ်မှာ ဒါလော့၊ ဗာရာနီ၊ မာတီနက်ဇ်၊ မာလာစီယာတို့ ၄ ဦးရဲ့ ခြေစွမ်းပြပုံကို သဘောကျနေတာဖြစ်ပါတယ်။

နိုင်ငံတကာပွဲမှာလည်း ဒါလော့ဟာ ပေါ်တူဂီအတွက် ခြေစွမ်းပြသခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်က ချက်စ်အား အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့တိုးတက်လာတဲ့ခြေစွမ်းတွေကြောင့် ဘာစီလိုနာ၊ ဂျူဗင်တပ်စ်တို့ အပါအဝင် အခြားသောကလပ်တွေက စိတ်ဝင်စားလာကြတာဖြစ်ပါတယ်လို့ MEN Sport က ဖော်ပြထားပါတယ်။

ပေါ်တူဂီနိုင်ငံသားရဲ့စာချုပ်က ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်သော်လည်း နောက်ထပ် ၁ နှစ်သက်တမ်းတိုးဖို့ ယူနိုက်တက် ရွေးချယ်လို့ရနေတာဖြစ်ပါတယ်။ စိတ်ဝင်စားမှုတွေရှိနေသော်လည်း ဒါလော့ကတော့ သူ့ရဲ့အနာဂတ်ကို ယူနိုက်တက်မှာပဲ ဆက်လက်ရှိနေချင်နေတာပါ။

ဒါလော့ဟာ ၂၀၁၈ခုနှစ်တုန်းက ယူနိုက်တက်သို့ ပေါ်တိုကနေ ပေါင် ၁၇.၄ သန်းဖြင့် ရောက်လာသူဖြစ်ပါတယ်။ သူဟာ ကလပ်အတွက် ၇၃ ပွဲကစားပေးထားပြီး ၂၀၂၀-၂၁ ရာသီကို စီးရီးအေကလပ် အေစီမီလန်မှာ အငှားသွားရောက် ကစားခဲ့သူဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်မှာရှိနေစဉ်အတွင်း သူဟာ ဝမ်ဘစ်ဆာကာရဲ့နောက် ဒုတိယနေရာမှာရှိနေခဲ့သော်လည်း ခရစ္စတယ်ပဲလေ့စ်ကစားသမားဟောင်းကတော့ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယပိုင်းမှာ ခြေစွမ်းပိုင်းကျဆင်းလာတာဖြစ်ပါတယ်။ နည်းပြဟောင်း ဆိုးလ်ရှားရဲ့လက်ထက်မှာ ဒါလော့ဟာ ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ရန်းနစ်နှင့် တန်ဟက်တို့ရဲ့လက်အောက်မှာ အခွင့်အရေးတွေရရှိလာတာဖြစ်ပါတယ်။

ညာနောက်တန်းကစားသမားဟာ လက်ရွေးစင်အသင်းအတွက် ၆ ပွဲအထိ ကစားထားရပြီး ဒီဆောင်းရာသီ ကမ္ဘာ့ဖလားမှာလည်း အဓိက ကစားသမားတစ်ဦးဖြစ်လာဖို့ မျှော်လင့်နေတာဖြစ်သော်လည်း ပွဲထွက်ခွင့်မှာတော့ မန်စီးတီးက ကန်ဆယ်လိုရဲ့နောက်မှာ ရှိနေနိုင်ပါတယ်။ ယူနိုက်တက်နှင့် မန်စီးတီးတို့ဟာ လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာဒါဘီအဖြစ် ကစားကြရမှာဖြစ်ပြီး အနိုင်ရရှိခဲ့ပါက တစ်ပွဲအပိုဖြင့် ဂွါဒီယိုလာရဲ့အသင်းနောက် ၂ မှတ်ကွာ နေရာသို့ ရောက်ရှိသွားမှာဖြစ်ပါတယ်။

#ဘာစီလိုနာ #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #ဒီယေဂိုဒါလော့