ရှေ့သို့
Image

ဘာစီလိုနာရဲ့ဝင်ငွေရှာဖွေမှုအပေါ် ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးလိမ့်မယ်လို့ ပီအက်စ်ဂျီဥက္ကဋ္ဌဆို

2:34 PM, 29 September

ဘာစီလိုနာ အသင်းရဲ့ အသင်းပိုင်အရင်းအမြစ်များရောင်းချကာ ဝင်ငွေရှာဖွေမှုပုံစံမှာ မျှတမှုမရှိဘူးလို့ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက ဝေဖန်ခဲ့ပြီး ယူအီးအက်ဖ်အေအနေနဲ့ ဒီကိစ္စအပေါ် စုံစမ်းစစ်ဆေးလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

လာလီဂါအဖွဲ့ချုပ်ရဲ့ ကစားသမားလစာငွေထိန်းချုပ်ရေးအစီအစဉ်သစ်အရ ကစားသမားတွေရဲ့ လုပ်ခလစာပမာဏအပေါ် ထိန်းညှိနိုင်ဖို့ ရုန်းကန်နေရခြင်းနဲ့ ကြွေးမှီများတရိပ်ရိပ်မြင့်တက်လာခြင်းတို့ ကြုံတွေ့ခဲ့ရပေမယ့် ဘာစီလိုနာက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း လီဝန်ဒေါစကီး၊ ကွန်ဒီနဲ့ ရာဖင်ဟာတို့ကို ပြောင်းရွှေ့ကြေးကြီးကြီးမားမားနဲ့ ခေါ်ယူခဲ့သလို အသင်းလက်မဲ့ကစားသမား အများစုကိုလည်း ကစားသမားသစ်အဖြစ် အင်အားဖြည့်တင်းခဲ့ပါတယ်။

ဘာစီလိုနာက သူတို့ရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေအတွက် ဘဏ္ဍာငွေအရင်းအမြစ်တိုးချဲ့ဖို့ ဘာကာစတူဒီယိုရဲ့ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းနဲ့ အသင်းရဲ့အနာဂတ်လာလီဂါရုပ်သံလွှင့်ခွင့် ၂၅ ရာခိုင်နှုန်းကို ရောင်းချခဲ့တာပါ။ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက အသင်းလူစာရင်း အင်အားမြှင့်တင်ဖို့ အခုလိုဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းအကြီးအကဲကတော့ ကတ္တလန်ကလပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဥပဒေကြောင်းအရ ကြောင်းကျိုးညီညွှတ်မှုရှိ၊မရှိ သံသယဝင်နေခဲ့ပါတယ်။

“ ဒီလိုလုပ်တာက တရားမျှတမှုရှိသလား၊ မရှိပါဘူး။ ဒါကတရားဝင်လားဆိုရင်လည်း ကျွန်တော့် အနေနဲ့ သေချာမသိပါဘူး။ ဘာစီလိုနာရဲ့လုပ်ရပ်ကို ခွင့်ပြုလိုက်မယ်ဆိုရင် တခြားအသင်းတွေလည်း ဒီပုံစံအတိုင်း လုပ်လာပါလိမ့်မယ်။ ယူအီးအက်ဖ်အေမှာ ကိုယ်ပိုင်ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ သေချာတာကတော့ ယူအီးအက်ဖ်အေက အရာရာတိုင်းကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်”လို့ အယ်လ်ခီလိုင်ဖီက ပြောဆိုပါတယ်။
ဥရောပကလပ်အသင်းများအစည်းအရုံး ဥက္ကဋ္ဌနဲ့ ယူအီးအက်ဖ်အေအမှုဆောင်ကော်မတီဝင်ဖြစ်တဲ့ အယ်လ်ခီလိုင်ဖီက ဘာစီလိုနာရဲ့ လက်ရှိကြုံတွေ့နေရတဲ့အခြေအနေအရပ်ရပ်အပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ ဥရောပကလပ်အသင်းများအစည်းအရုံးရဲ့ ဆွေးနွေးပွဲတစ်ခုမှာ ဘာစီလိုနာကို ရည်ညွှန်း၍ အယ်လ်ခီလိုင်ဖီက “ဘဏ္ဍာရေးရေရှည်တည်တံ့မှုဆိုင်ရာ စည်မျဉ်းစည်းကမ်းသစ်တွေက အပြုသဘောဆောင်တဲ့ တိုးတက်ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ စိုးရိမ်ရေမှတ်ရောက်ရှိနေတဲ့ ကြွေးမှီပမာဏနဲ့ မှော်ဆန်တဲ့ အစုရှယ်ယာရောင်းချမှုတွေက ရေရှည်တည်တံ့နိုင်စေမယ့် လမ်းကြောင်းတစ်ခုတော့ မဟုတ်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

#ဘာစီလိုနာ #ပီအက်စ်ဂျီ #ယူအီးအက်ဖ်အေ #အယ်လ်ခီလိုင်ဖီ