ရှေ့သို့
Image

ဘောလုံးသမား ဘဝမှ တရားဝင် အနားယူခဲ့တဲ့ နိုင်ဂျီးရီးယား ကပ္ပတိန်ဟောင်း မီခေးလ်

1:18 PM, 28 September

နိုင်ဂျီးရီးယား ကပ္ပတိန်ဟောင်းနဲ့ ချဲလ်ဆီး ကွင်းလယ်လူဟောင်းဖြစ်သူ ဂျွန်အိုဘီမီခေးလ်က ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှ အနားယူပြီလို့ တရားဝင် ကြေညာခဲ့ပါတယ်။ အသက်-၃၅ နှစ်အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင်ဟောင်းက “ကျွန်တော့်ရဲ့ ကစားသမားဘ၀ လွန်ခဲ့တဲ့နှစ်-၂၀ ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော် ရရှိခဲ့တဲ့ အရာတွေ အတွက် အရမ်း ကျေနပ်မိတယ်လို့ ပြောရပါမယ်။ ဒီနေရာမှာ ကောင်းမွန်တဲ့အရာအားလုံးလည်း အဆုံးသတ်ရတယ်ဆိုတဲ့ ဆိုရိုး စကားလေး တစ်ခု ရှိပါတယ်။ 


ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝရဲ့ အဆုံးသတ်ရမယ့် အချိန်ဆိုရင်တော့ ဒီနေ့ပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။ မီခေးလ်က ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှာ ၂၀၁၃ ခုနှစ် အာဖရိက နိုင်ငံများ ဖလားချန်ပီယံဆု အပါအဝင် နိုင်ဂျီးရီးယားနိုင်ငံရဲ့ တစ်ဦးချင်း ထူးချွန်ဆု အမြောက်အများကို ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ မီခေးလ်က နိုင်ငံ့ လက်ရွေးစင် အဖြစ်မှ အနားယူခဲ့ပါတယ်။


ကလပ်အသင်းအဆင့်မှာလည်း မီခေးလ်က ပရီးမီးယားလိဂ် ၂ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၁ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ကို ချဲလ်ဆီးနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မီခေးလ်က တရုတ်၊ တူရကီ၊ ကူဝိတ်နိုင်ငံရှိ ကလပ်အသင်းတွေမှာ ကစားသမားဘ၀ ဖြတ်သန်းခဲ့ပါတယ်။ “ကျွန်တော့်ရဲ့ မိသားစုဝင်တွေ၊ နည်းပြတွေ၊ ကလပ်တွေ၊  အသင်းဖော်တွေနဲ့ အထူးသဖြင့် ကျွန်တော် အရမ်း ချစ်ခင်ရတဲ့ ပရိသတ်တွေရဲ့ ကြီးမားလှတဲ့ ထောက်ခံအားပေးမှု မရှိဘဲနဲ့ ဒီအရာတွေ အကုန်လုံးကို ကျွန်တော် ရရှိနိုင်မှာ မဟုတ်ပါဘူး။ အများ မျှော်လင့်သလို မစွမ်းဆောင်နိုင်တဲ့ အချိန်တွေမှာတောင်မှ ဒီလူတွေက ကျွန်တော့် အပေါ် အားပေးထောက်ခံခဲ့ကြပါတယ်။ ဒါကြောင့် အရမ်းကို ကျေးဇူး အထူး တင်ရှိပါတယ်”လို့ မီခေးလ်က ဆက်ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #ပရီးမီးယားလိဂ် #မီခေးလ်