စပိန်ကို အရေးနိမ့်ခဲ့တဲ့အပေါ် အဓိပ္ပါယ်မရှိသလို ခံစားနေရကြောင်း ပြောဆိုလိုက်တဲ့ ဖာန်နန်ဒိုဆန်းတို့စ်
12:38 PM, 28 September
နေရှင်းလိဂ်အုပ်စု A2 ရဲ့ အဓိက အဆုံးအဖြတ်ပွဲစဉ်အဖြစ် ပေါ်တူဂီနိုင်ငံ၊ ဘရာဂါမြို့မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ စပိန်အသင်းက ပေါ်တူဂီအသင်းကို ပွဲပြီးဆုံးခါနီးသွင်းဂိုးဖြင့် အနိုင်ရယူခဲ့ပြီးနောက် နေရှင်းလိဂ်ပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ် အဆင့်ကို တက်လှမ်းခွင့်ကနေ လွဲချော်သွားခဲ့ပြီ ဖြစ်တဲ့ ပေါ်တူဂီအသင်းရဲ့ နည်းပြ ဖာနန်ဒိုဆန်းတို့စ်က နောက်ပိုင်းမိနစ်မှာ ပေးခဲ့ရတဲ့ ချေပဂိုးနဲ့ အရေးနိမ်ခဲ့တာကြောင့် အဓိပ္ပါယ်မရှိသလို ခံစားရတဲ့ အကြောင်း ရင်ဖွင့် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
အိမ်ရှင်ပေါ်တူဂီအသင်းက အုပ်စု A2 အတွင်းမှာ စပိန်အသင်းနဲ့ ပြီးခဲ့တဲ့ ညပွဲစဉ်မကစားမီအထိ ရမှတ် ၁၀မှတ်ဖြင့် ဒုတိယနေရာမှ စပိန်အသင်းအထက်မှာ ရပ်တည်နိုင်ခဲ့ပေမယ့် ဘရာဂါမြို့မှာ ပွဲစဉ်တစ်လျောက်လုံး အခွင့်အရေးဖန်တီးမှု အသာနဲ့ ကစားနိုင်ခဲ့ပေမဲ့ စပိန်တိုက်စစ်ကစားသမား မိုရာတာရဲ့ ပွဲချိန် ၈၈ မိနစ်မှာသွင်းယူ သွားခဲ့တဲ့ ဂိုးကြောင့် အုပ်စုအဆင့်ကနေပဲ ကျေနပ်လိုက်ရကာ ဆီးမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခွင့် ရရှိခဲ့ခြင်းမရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဘရာဂါမြို့မှာ ကစားခဲ့ကြပြီး စပိန်အသင်းကို အရေးနိမ်ခဲ့တဲ့ ပွဲစဉ်ပြီးနောက် ပေါ်တူဂီအသင်းနဲ့အတူ နေရှင်းလိဂ်ပြိုင်ပွဲအတွင်း ချန်ပီယံဆုကို ဆွတ်ခူးပေးထားနိုင်ခဲ့ဖူးတဲ့ နည်းပြ ဆန်းတို့စ်က “ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ သူတို့အသင်းဘက်က ဘောလုံးပိုင်ဆိုင်မှု ပိုမိုရယူထားနိုင်ခဲ့တာမှန်ပေမဲ့ အခွင့်အရေးတွေ ရရှိတာမျိုး မတွေ့ရပါဘူး။ ကျွန်တော်တို့ အသင်းဘက်ကလည်း ဒီထက်ပိုပြီး စိတ်ရှည်ရှည်ထား ကစားနိုင်ဖို့လိုပြီး အဝေးဘောပေးမို့မှု တွေ များလွန်းနေတာ တွေ့ရသလို တစ်ချို့ပေးပို့မှုတွေမှာတော့ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ကြပါတယ်”
“ပွဲစစချင်း ၁၅မိနစ်အတွင်းမှာ သူတို့အသင်းဘက်ကို နေရာလွတ်တော်တော်များများ ပေးထားခဲ့မိပေမဲ့ သူတို့အသင်းက ဘာအခွင့်အရေးမှ ဖန်တီးနိုင်တာမျိုး မရှိပါဘူး” “အခုတော့ ကစားပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့် နောက်ပြိုင်ပွဲတွေမှာ သင်ခန်းစာယူတတ်ဖို့လိုပြီး ထွက်ခွာခဲ့ရတဲ့ နေရှင်းလိဂ်ပြိုင်ပွဲ အကြောင်းကို ထပ်တွေးနေရမယ့် အချိန် မဟုတ်တော့ပါဘူး”လို့ ရှင်းပြ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။