ချက်ဇ်နဲ့ပွဲက ဒဏ်ရာကြောင့် မျက်နှာတစ်ခြမ်း ရောင်ရမ်းနေတဲ့ ရော်နယ်ဒို
1:35 PM, 27 September
မန်ချက်စတာယူနိုက်တက်နဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုတစ်ယောက် စနေနေ့တုန်းက ရရှိခဲ့တဲ့ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ပေါ်တူဂီ အသင်းနဲ့ ထရိန်နင်မှာ မျက်ကွင်းတစ်ဖက်ညိုပြီး ပြတ်ရှဒဏ်ရာကြောင့် မျက်နှာတစ်ခြမ်းကလည်း ရောင်ရမ်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။
စူပါစတားတိုက်စစ်မှူးဟာ စနေနေ့က ချက်ဇ်အသင်းကို ၄-၀ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ချက်ဇ်ဂိုးသမား သောမတ်စ်ဗက်စ်လစ်နဲ့ ထိခိုက်မိပြီး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တာကြောင့် မျက်နှာမှာသွေးတွေ ပေကျံခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ မိနစ် ၉၀ အပြည့် ပါဝင်ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်တစ်နေ့ ထရိန်နင်မှာတော့ ရော်နယ်ဒိုရဲ့ မျက်နှာမှာ ဒဏ်ရာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဗက်စ်လစ်နဲ့ ရော်နယ်ဒိုဟာ အမြင့်ဘောကို ယှဉ်လုကြရင်းနဲ့ အိုလံပီယာကို့စ်ဂိုးသမားရဲ့ လက်နဲ့ရော်နယ်ဒိုရဲ့ မျက်နှာထိခိုက်မိသွားခဲ့တာ ဖြစ်ပါတယ်။ ကွင်းအတွင်းမှာတင် ဆေးကုသမှုခံယူခဲ့ပြီး သွေးတွေကိုလည်း သန့်ရှင်းရေးလုပ်ခဲ့ရပြီး ရော်နယ်ဒိုရဲ့နှာခေါင်းပေါ်မှာလည်း ပလာစတာတစ်ခု ကပ်ခဲ့ရပါတယ်။ ချက်ဇ်အသင်းကတော့ ဒီပွဲမှာဂိုးလည်း မသွင်းနိုင်ခဲ့သလို ရှားရှားပါးပါးရခဲ့တဲ့ အဖိုးတန်ပင်နယ်တီကိုလည်း တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်က လွဲချော်ခဲ့ပါသေးတယ်။
ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော်လည်း ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ နိုဝင်ဘာလမှာ ကစားရမယ့် ကာတာကမ္ဘာ့ဖလားမတိုင်မီ နောက်ဆုံး ပွဲစဉ်တွေဖြစ်တာကြောင့် နိုင်ငံအသင်းအတွက် ပွဲချိန်ပြည့် ကစားပေးခဲ့ပါတယ်။ ယနေ့ညမှာဆိုရင်လည်း နေးရှင်းလိဂ် အုပ်စုဘီရဲ့ အုပ်စုဗိုလ်ကိုအဆုံးအဖြတ်ပေးမယ့် ပွဲစဉ်ဖြစ်တဲ့ အစဉ်အလာပြိုင်ဘက် စပိန်အသင်းနဲ့ ပွဲစဉ်ကို ဘရာဂါမှာ ကစားဖို့ရှိနေပါသေးတယ်။
ချက်ဇ်နဲ့ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ ဒီယိုဂိုဒါလော့က ၂ ဂိုးနဲ့ ဘရူနိုဖာနန်ဒက်စ်က ၁ ဂိုးစီ သွင်းယူခဲ့သလို ထောင့်ကန်ဘောကို ရော်နယ်ဒိုရဲ့ ခေါင်းတိုက်ချပေးမှုကနေလည်း လီဗာပူးတိုက်စစ်မှူး ဒီယိုဂိုဂျိုတာက တစ်ဂိုးစီသွင်းယူနိုင်ခဲ့ပါတယ်။
၂၀၁၉ နေးရှင်းလိဂ်ချန်ပီယံဟာ အုပ်စုတွင်းအဓိကပြိုင်ဘက် စပိန်အသင်းက ဆွစ်ဇာလန်ကို ရှုံးနိမ့်မှုကို အခွင့်ကောင်းယူပြီး အုပ်စု A2 ရဲ့ ထိပ်ဆုံးနေရာကို ၂ မှတ်ဖြတ်ကာ တက်ရောက်နိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ဖို့အတွက် ပေါ်တူဂီ အနေနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ စပိန်နဲ့ပွဲစဉ်ကိုတော့ မရှုံးအောင် ကစားဖို့လိုပါတယ်။