ရှေ့သို့
Image

ဟန်ဂေရီကို အနိုင်ရခဲ့သော်လည်း အီတလီရဲ့ စွမ်းဆောင်ရည် အချို့ကြောင့် မပျော်မရွှင်ဖြစ်နေတဲ့ နည်းပြ မန်စီနီ

12:56 PM, 27 September

ဒီနေ့မနက်ပိုင်း၊ နေးရှင်းလိဂ် အဆုံးအဖြတ် ပွဲစဉ်မှာ ဟန်ဂေရီကို အနိုင်ရခဲ့ပေမယ့် အီတလီ အသင်းရဲ့ အချို့စွမ်းဆောင်ရည်ပိုင်းတွေ အပေါ် အပြည့်အဝ ကျေနပ်အားရမှု မရှိဘူးလို့ အီတလီ လက်ရွေးစင် အသင်း နည်းပြ မန်စီနီက ထုတ်ပြောလိုက်ပါတယ်။ ရက်စ်ပါဒိုရီနဲ့  ဒီမာကိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဟန်ဂေရီကို အနိုင်ရခဲ့တဲ့ အီတလီအသင်းဟာ နေးရှင်းလိဂ်(A)၊ အုပ်စု(၃)မှာ အုပ်စုဗိုလ် အဖြစ် အောင်ပွဲခံခဲ့ပြီး လာမယ့် ဇွန်လမှာ ကျင်းပမယ့် နေးရှင်းလိဂ် ဆီမီးဖိုင်နယ် အဆင့်ဆီ နယ်သာလန်၊ ခရိုအေးရှားတို့နဲ့အတူ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။


ဒီပွဲစဉ်ရဲ့ ပွဲချိန် နှောင်းပိုင်းမိနစ်တွေမှာ ဟန်ဂေရီ အသင်းက အပြင်းအထန် တိုက်စစ်ဆင် ဖိအားပေးမှုကို ဂိုးသမား ဒွန်နာရမ်မာရဲ့ အကောင်းဆုံး လက်စွမ်းတွေနဲ့အတူ အီတလီအသင်းဟာ ကြံ့ကြံ့ခံရင်း ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီလိုပွဲချိန်ပြည့် ပွဲအပေါ် ထိန်းချုပ်ဖို့ အားနည်းခဲ့မှုက နည်းပြမန်စီနီကို စိတ်ပျက်စေခဲ့တာပါ။RAI Sport သတင်းဌာနနဲ့တွေ့ဆုံချိန် အီတလီ အသင်း နည်းပြ မန်စီနီက “ခက်ခဲတဲ့ ပွဲစဉ် တစ်ခုပါ။ ပွဲချိန်နှောင်းပိုင်းမိနစ် ၂၀ မတိုင်ခင်အထိ အရာ အားလုံး ပြီးပြည့်စုံနေခဲ့ပါတယ်။


ကျွန်တော်တို့ဟာ ပွဲချိန်ပြည့် ပွဲအပေါ် ထိန်းချုပ်နိုင်စွမ်း တိုးတက်လာဖို့ အမှန်တကယ် လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့က နှစ်ဂိုးပြတ်အနိုင်ရဖို့ အပြင်းအထန် ကြိုးစားခဲ့ရတာ ဖြစ်လို့ ပွဲချိန် နှောင်းပိုင်းတွေမှာ ဒီလိုမျိုးကြုံတွေ့ရတာက အဓိပ္ပါယ်မရှိဘူးလို့ ခံစားရပါတယ်။ တတိယဂိုး ရရှိဖို့အတွက် ကျွန်တော်တို့ တွန်းအားပေးခဲ့သင့်တာပါ။ ပွဲချိန်နှောင်းပိုင်းမိနစ် ၂၀ မှာ အော်ဟစ်နေခဲ့ရလို့ ကျွန်တော် အသံ ဝင်သွားပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။


အီတလီ နည်းပြ မန်စီနီရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ ဟန်ဂေရီ နည်းပြ ရော့စီက  ပွဲပြီးချိန် သူရဲ့ အသင်း ရှုံးပွဲ အပေါ် တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်ခဲ့ပြီး မန်စီနီကို အားပါးတရ ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် ရော့စီက သူ့ရဲ့ မိခင်နိုင်ငံ လက်ရွေးစင် အသင်းဂိုးသမား ဒွန်နာရမ်မာ အပေါ် ချီးကျူး စကား ပြောဆိုခဲ့ပါတယ်။


ရော့စီက “ဒီညမှာ အံ့သြဖွယ်ရာ တစ်ခုကို စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ပျော်ရွှင်စရာ အတိ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အီတလီလိုအသင်းနဲ့  ရင်ဆိုင်ကစားရချိန်မှာ မင်းအနေနဲ့ အမှားလုပ်လို့မရသလို ပြိုင်ဖက် အသင်း အမှား လုပ်မိဖို့ကိုလည်း စောင့်ဆိုင်းရပါတယ်။ ကျွန်တော်တို့ အသင်းက အခွင့်အရေးတွေ အများကြီး ရခဲ့တယ် ဆိုရင်တောင်မှ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားရဲ့ တားဆီးခြင်း ခံလိုက်ရတယ်။ ပီအက်စ်ဂျီက သူ့ကို ခေါ်ယူခဲ့တာ အလကား သက်သက် တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါဘူး။ ကျွန်တော် ဘောလုံး လောကမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးပါတယ်။ ကျွန်တော်ဟာ ကွင်းလုံး ပြည့်အားပေးနေတဲ့ ပရိသတ်တွေရှေ့ ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဟန်ဂေရီရဲ့ အိမ်ကွင်းမှာကစားရချိန် ခံစားရတဲ့ စိတ်ဓါတ်ပိုင်းမျိုးကို တခါမှ မမြင်တွေ့၊ မခံစားဖူးပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

#အီတလီ #နေးရှင်းလိဂ် #မန်စီနီ