အင်္ဂလန်နဲ့ ပွဲစဉ်မတိုင်ခင် ဂါရတ်ဆောက်ဂိတ်အပေါ် ကာကွယ်ပြောဆိုခဲ့တဲ့ ဂျာမနီ အသင်းနည်းပြ ဖလစ်ခ်
10:44 AM, 26 September
ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဟန်ဆီဖလစ်ခ်က လတ်တလောဖိအားတွေကြုံတွေ့နေရတဲ့ ပြိုင်ဘက် အင်္ဂလန်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်အပေါ် ကာကွယ်ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်နဲ့ ယူရို-၂၀၂၀ ဗိုလ်လုပွဲအဆင့်ဆီ ပို့ဆောင်ပေးခဲ့တဲ့ နည်းပြဆောက်ဂိတ်ဟာ ပြီးခဲတဲ့နေးရှင်းလိဂ်ပွဲစဉ်မှာ အီတလီကို ရှုံးနိမ့်ပြီးနောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။
အခုနှစ်နေးရှင်းလိဂ်ပွဲစဉ် ၅ ပွဲကစားပြီးချိန်မှာလည်း ဆောက်ဂိတ်ရဲ့အသင်းက ကစားကွက်မှတဆင့် သွင်းယူနိုင်တဲ့ဂိုး မရှိသေးသလို အီတလီကို ရှုံးနိမ့်ပြီးနောက် အင်္ဂလန်အသင်းက နေးရှင်းလိဂ် (A)မှ လိဂ်(B) ဆီ တန်းဆင်းခဲ့ရပါတယ်။ ဒါပေမယ့် အခုနှစ်နေးရှင်းလိဂ်မှာ အင်္ဂလန်တစ်သင်းပဲရုန်းကန်နေရတာ မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ ပြင်သစ်ကလည်း နိုင်ပွဲတစ်ပွဲပဲ ရရှိပြီး နေးရှင်းလိဂ်ရာသီကို အဆုံးသတ်ခဲ့ရသလို စပိန်ကလည်း အိမ်ကွင်းမှာ ဆွစ်ဇာလန်ကို ရှုံးနိမ့်ခဲ့ပါတယ်။ အလားတူ ဂျာမနီကလည်း ပြီးခဲ့တဲ့ပွဲစဉ်မှာ ဟန်ဂေရီကို ရှုံးနိမ့်ပြီး နေးရှင်းလိဂ် ဆီမီးဖိုင်နယ် တက်ရောက်ရေးမျှော်လင့်ချက် စွန့်လွှတ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့သတင်းစာရှင်းလင်းပွဲအတွင်း ပြိုင်ဘက်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်ရဲ့ ရုန်းကန်နေရမှုအပေါ် အမြင်သဘောထားကို မေးမြန်းလာချိန် ဖလစ်ခ်က “ပရီးမီယားလိဂ်ဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ပြိုင်ပွဲတစ်ခုဖြစ်သလို အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းကလည်း အကောင်းဆုံးဖြစ်နေပါတယ်။ ရှည်လျားတဲ့ဘောလုံးရာသီတစ်ခုအပြီး နွေရာသီကာလမှာ အသင်းတစ်သင်းအနေနဲ့ လန်းဆန်းတက်ကြွမှု မရှိခဲ့တာပါ။ ကိစ္စတိုင်းက အဆင်မပြေဖြစ်လာခဲ့ရင် နည်းပြတွေပဲ အစောဆုံး ဝေဖန်ခံရပါတယ်။ ဒါတွေကလွဲပြီး ဂါရတ်ဆောက်ဂိတ်က အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အအောင်မြင်ဆုံးနည်းပြတွေအနက် တစ်ဦးဖြစ်ပါတယ်။ သူတို့မှာ တကယ်ကောင်းမွန်တဲ့ အသင်းလူစာရင်းလည်း ရှိသလို အင်္ဂလန်အသင်းကို ရင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့အသင်းမှာ ထိပ်တန်းစွမ်းဆောင်ရည်တစ်ရပ် လိုအပ်ပါတယ်”လို့ ပြောဆိုခဲ့တာပါ။
အင်္ဂလန်အသင်းရဲ့ အရည်အသွေးနဲ့ ကမ္ဘာ့ဖလားချန်ပီယံမျှော်လင့်ချက်အကြောင်း မေးမြန်းလာချိန် ဖလစ်ခ်က “သူတို့က ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက အသင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ အင်္ဂလန်အသင်းက သေချာပေါက် ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက အသင်းတစ်ခုပဲ”လို့ ဆက်ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်ခ်ရဲ့ ဂျာမနီလက်ရွေးစင်အသင်းက ဒီနေ့ညပိုင်း၊ ဝင်ဘာလေကွင်းကြီးမှာ အင်္ဂလန်နဲ့ အခုနှစ် နေးရှင်းလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားဖို့ ရှိပါတယ်။