ရှေ့သို့
Image

လီဗာပူး အသင်းဆီ စောစောစီးစီးပဲ ပြန်လည်ပူးပေါင်းလာမယ့် အီဂျစ်ကြယ်ပွင့် မိုဆာလက်

10:23 AM, 26 September

လာမယ့်အင်္ဂါနေ့၊ လိုက်ဘေးရီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ အီဂျစ်လက်ရွေးစင်အသင်းလူစာရင်းမှ တိုက်စစ်ကြယ်ပွင့် မိုဆာလက်ကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လီဗာပူး အသင်းအတွက် ကြီးမားတဲ့အင်အားတစ်ခု ဖြစ်လာစေခဲ့ပါပြီ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့သတင်းစာရှင်းလင်းပွဲမှာ အီဂျစ်လက်ရွေးစင်အသင်းနည်းပြ ရူအီဗစ်တိုးရီးယားက ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွက် ပြန်လည်ပြင်ဆင်ဖို့ မိုဆာလက်က လီဗာပူးဆီ ပြန်လည်ထွက်ခွာလိမ့်မယ်လို့ အတည်ပြုပြောဆိုခဲ့တာပါ။

နိုင်ဂျာနဲ့ ခြေစမ်းပွဲမှာ အီဂျစ်အတွက် ၂ ဂိုးသွင်းယူပေးခဲ့တဲ့ အသက်-၃၀ နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းဖော် တိုက်စစ်မှူး မိုစတာဖာမိုဟာမက်၊ နောက်ခံလူ အာမက်ဖက်တူးတို့နဲ့အတူ လိုက်ဘေးရီးယားနဲ့ပွဲစဉ်အတွက် အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ်။

အီဂျစ်အသင်းက ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာဖရိကဇုန်)နောက်ဆုံးအဆင့်ပွဲစဉ်မှာ အာဖရိကနိုင်ငံများဖလား လက်ရှိချန်ပီယံ ဆီနီဂေါကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့် ဆုံးရှုံးထားပါတယ်။ ဒီလိုအခြေအနေတွေကြောင့်ပဲ မိုဆာလက်က သူရဲ့ကလပ်အသင်းအတွက် အာရုံစိုက်ပေးနိုင်ဖို့ လီဗာပူးအသင်းဆီ စောစောစီးစီးပဲ ပြန်စေလွှတ်ပေးခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။

အန်ဖီးလ်ကလပ်ဟာ အခုပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ပုံစံကောင်းမပြသနိုင်ဘဲ ၆ ပွဲ ကစားပြီးချိန် ၂ ပွဲသာ အနိုင်ရကာ အမှတ်ပေးဇယားအဆင့်(၈)နေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၃၁ ဂိုးအထိ သွင်းယူပေးတဲ့ မိုဆာလက်က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၈ ပွဲကစား၊ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အီဂျစ်ကြယ်ပွင့်က ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးနဲ့စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီး အနာဂတ်အတွက် ကောလာဟလထင်ကြေးတွေကို အဆုံးသတ်ခဲ့သူ ဖြစ်ပါတယ်။ လာမယ့်စနေနေ့၊ ဘရိုက်တန်ကို အန်ဖီးလ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေချိန်မှာပဲ အခုရာသီပရီးမီးယားလိဂ် သွင်းဂိုး ၂ ဂိုးသာရရှိသေးတဲ့ မိုဆာလက်အနေနဲ့ လိဂ်သွင်းဂိုးတွေ ဆက်လက်ရှာဖွေနိုင်ဖို့ ကြိုးစားဖွယ် ရှိပါတယ်။

#လီဗာပူး #အီဂျစ် #ဆာလက် #ပရီးမီးယားလိဂ်